သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဘုရားပေါင်းနှင့်တောင်ပေါက်ရွာမှ မီးရှို့ခံခဲ့ရသည့်အိမ်ခြေ ၁၇ဝတွင် အိမ်အလုံး၄ဝကို အစိုးရမှ ကံစမ်းမဲဖောက်ပြီးဆောက်လုပ်ပေးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 4.1k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇန်နဝါရီ ၂/၂ဝ၂၁

မီးရှို့ခံရပြီး အိမ်ခြေ ၁၇ဝ ပျက်စီးသွားခဲ့သည့် ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းနှင့် တောင်ပေါက် ကျေးရွာတွင် ပြည်နယ်အစိုးရမှ ကံစမ်းမဲဖောက်ပြီး နေအိမ်အလုံး ၄ဝအား ဆောက်လုပ်ပေးလျှက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ နေအိမ် အလုံး ၄ဝ ကို ဘုရားပေါင်းကျေးရွာတွင် ၂ဝ နှင့် တောင်ပေါက်ကျေးရွာတွင် ၂ဝ ခွဲစီ  ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလပထမအပတ်မှ စတင်ဆောက်လုပ်ပေးနေခြင်းဖြစ်ကြောင်း တောင်ပေါက်ကျေးရွာမှ ဦးကျော်နိုင်က နိရဥ္စရာသို့ ပြောသည်။

“တစ်ရွာကို အိမ်အလုံးနှစ်ဆယ်စီ ချထားပေးတဲ့အထဲ ကံစမ်းမဲဖောက်ရပါသေးတယ်။ အဲဒီထဲက မဲပေါက်တဲ့ သူကမှ နေအိမ်တွေရတာပေါ့။ ဘာကြောင့်လဲဆိုတော့ အိမ်မီးလောင်သွားတဲ့ သူတွေက အများကြီးရှိတော့လေ။ အခုဆောက်ပေးတဲ့ အိမ်ကို ကိုယ့်မှာဆုံးရှုံးသွားတဲ့ တန်ဖိုးငွေနဲ့ ယှဉ်လို့တော့ ဘယ်ရပါ့မလဲ။ ဒီလောက်နဲ့ ကျေနပ်ရတာပေါ့” ဟု ပြောသည်။

ဦးကျော်နိုင်၏ မီးရှို့ခံရသည့်အထဲပါသွားသည့် နေအိမ်နှင့် စပါးကျီတို့ကို ကျပ်သိန်းပေါင်း ၁ဝဝ ကျော် အကုန် အကျခံ တည်ဆောက်ထားခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

နေအိမ်များမှာ အလျား ၂၄ ပေ၊ အနံ ၁၆ ပေနှင့် အမြင့် ၈ ပေရှိကာ သွပ်မိုး၊ အထပ်သားအခင်း၊ ကျောက်ပြားနံရံကာဖြင့် ဆောက်လုပ်ပေးနေခြင်းဖြစ်ပြီး နေအိမ်တစ်လုံးစီအပြင် အိမ်သာ တစ်လုံးစီလည်း ပါဝင်ကြောင်း ကျေးရွာသားများက ပြောသည်။

ဘုရားပေါင်းကျေးရွာမှ ဦးလှဇံဦးက “အိမ်တွေကို အဲဒီမီးလောင်သွားတဲ့ နေရာတွေမှာပဲ ပြန်ဆောက် ပေးတာပေါ့။ ကိုယ့်ခြံဝင်းထဲမှာပဲ ပြန်ဆောက်ပေးတာ။ ကျွန်တော့်မှာက မီးလောင်တဲ့အထဲပါသွားတဲ့ အိမ်က အသစ်ဆောက်ထားတုန်းပဲရှိသေးတာ။ သိန်း ၈ဝ ကျော်လောက်ရှိတယ်။ မီးလောင်ပြီးနောက်ပိုင်း ဖဝါးနဲ့ လက်ဝါးဘဲ ကျန်ခဲ့တာ။ အခု တည်းခိုစရာ နေရာတစ်ခုရသွားတော့ ကျေနပ်မှုမရှိပေမယ့် ယူရတာပေါ့နော်” ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါနေအိမ်များကို ရခိုင်ပြည်နယ်အစိုးရ၏ ရန်ပုံငွေဖြင့် နေအိမ်တစ်လုံးနှင့် အိမ်သာတစ်လုံးစီကို ကျပ်သိန်း ၅ဝ ဖြင့် ဆောက်လုပ်ပေးနေခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

“အခု ဆောက်ပေးတဲ့ အိမ်အလုံး ၄ဝ က အစိုးရဲ့ QC ရန်ပုံငွေနဲ့ လုပ်ပေးနေတာပါ။ နောက်ထပ် မီးလောင်ဆုံးရှုံးသွားတဲ့ နေအိမ်တွေအတွက်ကို ပြည်ထောင်စုအစိုးရကိုတင်ပြီး အခြေနေကြည့်ပြီး လုပ်ပေးမှာပေါ့နော်” ဟု ဝန်ကြီးက နိရဥ္စရာသို့ ပြောသည်။

မီးလောင်သွားခဲ့သည့် အိမ်မှာ ဘုရားပေါင်းကျေးရွာမှ နေအိမ် ၉၄ လုံးနှင့် တောင်ပေါက်ကျေးရွာမှ နေအိမ် ၇၆ လုံး စုစုပေါင်း ၁၇ဝ လုံးရှိကြောင်း ကျေးရွာသားများ ပြောပြချက်အရ သိရသည်။

ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့ကို ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာ ၃ ရက်နေ့ ညနေ ၇ နာရီခန့်တွင် ရွာထဲသို့ သေနတ်ပစ်ဖောက်ဝင်လာသည့် တပ်မတော်စစ်ကြောင်းတစ်ခုက နေအိမ်များကို မီးရှို့ခဲ့ကြောင်း မျက်မြင်ကျေးရွာသားများက ပြောကြားသည်။

သို့သော်လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော် စစ်ကြောင်းက ၄င်းကျေးရွာများတွင် မီးရှို့ခဲ့ခြင်းမရှိကြောင်း ယင်းစက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ဆက်စပ် သတင်းများ