စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မင်းပြားစပါးထားရွာမှ ဒဏ်ရာပြင်းထန်သူ အသက် (၁၂)နှစ်အရွယ်လူငယ်အား စစ်တွေဆေးရုံသို့ ယူဆောင်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 5.6k

ဇွဲဓန (ကိန်းသာမြေ)
နိရဥ္စရာ၊ ဇန်နဝါရီ ၁၅/၂ဝ၂၁

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စပါးထားကျေးရွာတွင် ပြီးခဲ့သည့်ရက်ပိုင်းကဖြစ်ပွားခဲ့သောပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများအနက် ဒဏ်ရာပြင်းထန်သူ အသက် (၁၂)နှစ်အရွယ်လူငယ်အား မြောက်ဦးဆေးရုံမှတဆင့် စစ်တွေဆေးရုံသို့ ဇန်နဝါရီ ၁၄ ရက်နေ့က ယူဆောင်လာခဲ့သည်။

၎င်းလူငယ်မှာ အသက် (၁၂)နှစ်အရွယ် မောင်မြင့်စိုးဖြစ်ပြီး ၄င်း၏ ဘယ်ဘက် ခြေထောက် အရိုးကို ထိခိုက်သွားသည်ဟု အစ်မဖြစ်သူ မဇင်မာဝင်းက ပြောသည်။

“ ဆရာဝန်ပြောတာကတော့ ခြေထောက် တစ်ချောင်း ဒဏ်ရာပြင်းထန်တယ်။ အရိုးကို ထိသွားတယ်။ စစ်တွေဆေးရုံမှာ ကုသဖို့ လွှတ်လိုက်တာပါ။ အခုတော့ စစ်တွေဆေးရုံသို့ ရောက်နေပါပြီ။ ဆရာဝန်က ဘာမှ မပြောသေးဘူး။ ခြေထောက် အင်္ဂါပျက်သွားမှာကို စိုးရိမ်နေတယ် ̋ ဟု ပြောသည်။

စပါးထားကျေးရွာတွင် ဇန်နဝါရီ ၁ဝ ရက်နေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် အမျိုးသမီးတစ်ဦးပွဲချင်းပြီးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၈ ဦးအထိရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရသူ ၈ ဦးအနက် ဒဏ်ရာပြင်းထန်သူ ၅ ဦးအား မြောက်ဦးဆေးရုံသို့ပို့ဆောင်ခဲ့ရပြီး ကျန် ၃ ဦးအား မြောက်ဦးမြို့နယ် မြောင်းဘွေဆေးရုံတွင် ပို့ဆောင်ခဲ့ရသည်။

မြောက်ဦးဆေးရုံတွင် ခွဲစိပ်ကုသခံနေရသည့်ဒဏ်ရာပြင်းထန်သူ ၅ ဦးအနက် မောင်မြင့်စိုး၏အခြေအနေမှာ စိုးရိမ်ရသည့်အတွက် ယခုကဲ့သို့ စစ်တွေဆေးရုံသို့ ပို့်ဆောင်လိုက်ရခြင်းဖြစ်သည်ဟုလည်း စပါးထား အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်အောင်က ပြောသည်။

̏ ဘယ်ဘက် ခြေထောက်က ဒဏ်ရာ ပြင်းထန်တယ်။ အသားတွေ ပေါက်ထွက်သွားပြီး အရိုးကို ထိမိသွားတယ်။ အဲဒါကြောင့် စစ်တွေဆေးရုံကို ပို့လိုက်ရတာဖြစ်တယ်။  ဟု ပြောသည်။

စပါးထားကျေးရွာတွင် ဇန်နဝါရီ ၁ဝ ရက်နေ့က ရွာအနီးတောင်ပေါ်မှ ကောက်ယူရရှိလာသည့် ဗုံးသီးတစ်လုံးကို ထုခွဲကြည့်ကြရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။


ဆက်စပ် သတင်းများ