- Web Master
- ၀၂ ဒီဇင်ဘာ ၂၀၂၃
ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ သြဂုတ် ၁၃/၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ အုပ်ချုပ်ရေးမှူးကို အပေါက်ဝရွာ ရဲစခန်းတွင် စခန်းချနေထိုင်သော မြန်မာ့တပ်မတော် စစ်ကြောင်း တစ်ခုက ယနေ့ နံနက် ၃ နာရီအချိန်ခန့်က ခေါ်ယူသွားကြောင်း သတင်းရရှိသည်။
ခေါ်ယူသွားခြင်း ခံရသူမှာ အပေါက်ဝကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်မြ အသက် (၅၄) နှစ် ဖြစ်ကြောင်း သိရှိရသည်။
ကျောက်တော်မြို့နယ်မှ အမည်မဖော်လိုသော ကျေးရွာသားတစ်ဦးက “ အုပ်ချုပ်ရေးမှူးကို စစ်သားတွေက ခေါ်သွားတယ်။ ဖမ်းတာလား၊ ခေါ်သွားတာလားဆိုတာကို ကျနော်တို့လည်း မပြောတတ်ဘူး။ ခေါ်သွားတဲ့ အချိန်မှာတော့ တခြားအိမ်တွေက လူတွေကိုပါ ခေါ်သွားတယ်။ ရွာသား လေး၊ ငါး၊ ခြောက်ယောက်လောက် ခေါ်သွားတယ်။ နောက် သူတို့တွေကို ပြန်လွတ်လိုက်ပြီး အုပ်ချုပ်ရေးမှူး တစ်ယောက်တည်းကိုဘဲ ခေါ်ထားလိုက်တယ်” ဟုပြောသည်။
၄င်းကိစ္စနှင့် ပတ်သက်၍ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက “ ရွာသားတစ်ချို့နဲ့ အုပ်ချုပ်ရေးမှူးကို ခေါ်သွားတယ်။ နောက် ရွာသားတွေကို ပြန်လွှတ်ပေးလိုက်ပြီး အုပ်ချုပ်ရေးမှူးတစ်ယောက်တည်းကိုဘဲ ခေါ်ထားလိုက်တယ်လို့တော့ ရွာသားတွေက ဖုန်းဆက်ပြီး ပြောလာတယ်” ဟု ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းသို့ နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါ။