ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ကျည်ထိမှန်၍ ကျောက်တော်မြို့နယ် ကျောက်ဂူစုရွာသားတစ်ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5.3k

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၁/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်ဂူစုကျေးရွာတွင် ကျည်ဆံထိမှန်၍ ရွာသားတစ်ဦး သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။

သေဆုံးသူမှာ ဦးစိန်သာအောင်ဖြစ်ကြောင်း၊ ဘယ်ဘက်လက်မောင်းနှင့် ဗိုက်တွင် သေနတ်ကျည် သုံးချက်ထိမှန် ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သေဆုံးသူ၏ ညီဖြစ်သူ ဦးကျော်လှက ပြောသည်။

“ မနေ့က ညနေ ၅ နာရီဝန်းကျင်လောက်မှာ ရွာကိုအပြန် ရွာပြင်နားမှာ  စစ်သားတွေနဲ့တွေ့ပြီး လှမ်းပစ်တာပါ။  ဗိုက်ကိုလည်း ကျည်ဖောက်ဝင်ပြီးထွက်သွားတာ။ ဗိုက်က အူတွေလား ဘာတွေလဲမသိဘူး။ အပြင်ကို ထွက်သွားတယ်။  ရွာက ကျန်းမာရေးမှူးတွေကို ခေါ်လည်း အဆင်မပြေခဲ့ဘူး။ သေနတ်သံနဲ့ အကုန်လုံးက တိတ်ဆိတ်နေကြတာ။ သူသွေးထွက်တာကို သုတ်ပေးရုံက လွဲလို့ ကျွန်တော်တို့ ဘာမှ မလုပ်ပေးနိုင်ခဲ့ပါဘူး။ အိပ်ယာမှာ လဲထားရင်းနဲ့ သွေးထွက်လွန်ပြီး သေသွားပါတယ်” ဟု ဦးကျော်လှက နိရဥ္စရာသို့ ပြောသည်။

ဒေသခံတစ်ချို့၏ အပြောအရ အဆိုပါ ကျေးရွာအနီးတွင် တပ်မတော်သား နှစ်ဦးကို AA တပ်ဖွဲ့ဝင်များက ဖမ်းဆီး သွားသည်ဟု သတင်းများ ထွက်ပေါ်နေပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး စစ်သားများက ရှာဖွေမှုများ  ပြုလုပ်နေကြောင်း၊ ကျေးရွာသားများ ကြောက်လှန့် ထွက်ပြေးသွားကြသလို ရွာထဲတွင် ကျန်နေခဲ့သူ ရွာသားအချို့ကိုလည်း ဖမ်းဆီးစစ်ဆေးမှုများရှိခဲ့သည်ဟု သိရသည်။

ကျောက်ဂူစု ကျေးရွာထဲသို့ တပ်မတော်သားအချို့ ဝင်ရောက်လာပြီး  ကျေးရွာသား ၁ဝ ဦးခန့်ကို  ဘုန်းကြီးကျောင်း၌ ဖမ်းဆီးထားကြောင်း ကျောက်ဂူစုကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးလှမောင်စိန်က အတည်ပြု ပြောဆိုသည်။

“ဖမ်းထားတာ ရွာသား ၁ဝ ယောက်လောက်ရှိပါတယ်။ စစ်သားတွေက ရွာကို ဝင်စတုန်းက သေနတ်တွေနဲ့ နှစ်ခါ/ သုံးခါလောက် ပစ်ခတ်ပါတယ်။ ပြီးတော့ ရွာကလူတွေကို မေးတာ စစ်တာတွေ လုပ်ပါတယ်။ ပြီးတော့ ရွာသား ၁ဝ ယောက်လောက်ကို အခု ဘုန်းကြီးကျောင်းမှာ ဖမ်းထားပါတယ်။ အဖမ်းခံထားရတဲ့ ၁ဝ ယောက်လောက်မှာ ဘယ်သူတွေ ပါနေလဲဆိုတာ နာမည်တွေ မသိသေးပါဘူး။ ညက အလောင်းလည်း အခုထိ အဲဒီအတိုင်းပဲရှိပါသေးတယ်။ နာရေးကားတော့ ခေါ်ထားပါတယ်။ မနေ့ကတည်းက ဘုန်းကြီးကျောင်းမှာ ဖမ်းထားတဲ့ သူတွေကိုလည်း မလွှတ်ပေးသေးဘူး။ စစ်သားတွေက ရွာထဲမှာ ရှိနေတုန်းပေါ့” ဟု နိရဥ္စရာသို့ ပြောသည်။

ရွှေပြည်ကျေးရွာမှ ဒေသခံတစ်ဦးက “မနေ့က ညနေ ၅ နာရီကျော်လောက်မှာ ရွာကို ပစ်ပြီးဝင်လာတယ်။ သေနတ်နဲ့ လေး/ငါးဆယ်လောက် ယမ်းပစ်ပါတယ်။ ပစ်ရင်းနဲ့ ရွာသားတွေကို ဖမ်းပါတယ်။ နောက်ပြီး သူတို့ သာစည်ရွာက ဖမ်းသွားတဲ့ လူပေါင်း ၆ဝ လောက်နဲ့ ကျွန်တော်တို့ရွာက လူပေါင်း ၁ဝဝ ကျော် စုစုပေါင်း ၂ဝဝ လောက်ကို ကျွန်တော်တို့ရွာက ဘုန်းကြီးကျောင်းမှာ ဖမ်းထားပါတယ်။ ဖမ်းထားတာမှာ မိန်းမရော ကလေးတွေရော အကုန်ပါပါတယ်” ဟု ပြောသည်။

ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC ) ထုတ်ပြန်ချက်တွင် “သြဂုတ်လ ၃၁ ရက်နေ့ နေ့လယ် ၃ နာရီခွဲလောက်အချိန်တွင် ကျောက်တော်တပ်မ (ဒစက-၉) လက်အောက်ခံ တပ်ရင်းမှ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ကျောက်ဂူစုကျေးရွာအတွင်းသို့ ပစ်ခတ်ဝင်ရောက်လာစဉ် ကျေးရွာသား တစ်ဦး ဝမ်းဗိုက် ကျည်ဆံထိမှန်ကာ ညနေ (၄) နာရီဝန်းကျင်တွင် သေဆုံးသွားသည်ဟု ကျေးရွာသားတစ်ဦး၏ ပြောပြချက်အရ သိရပါကြောင်း၊  သေဆုံးသူမှာ ဦးစံသာအောင်၊ အသက် (၃၉) နှစ်ခန့်၊ (ဘ) ဦးထွန်းအောင် ဖြစ်ပြီး ကွမ်းခြံက လာစဉ် ကျည်ထိမှန်ခြင်းဖြစ်ကြောင်း၊ ၄င်းကျေးရွာအနီးရှိ သာစည် ကျေးရွာ တွင်လည်း ကျေးရွာသား လူကြီး/ လူငယ်/ ကိုယ်ဝန်ဆောင်အပါအဝင် ၁၂ဝ ယောက်ကို ခေါ်ဆောင်သွားကာ ရွှေပြည်ရွာ ရွှေပြည် ဘုန်းကြီးကျောင်းတွင် ယခုထိ ထိန်းသိမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရပါကြောင်း၊ အနီးအနားတွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယခုကဲ့သို့ ပစ်ခတ်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု အဆိုပါ ကျေးရွာသားက ပြောကြားကြောင်း” ရေးသားဖော်ပြထားသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းနှင့် ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းတို့အား နိရဥ္စရာမှ ယနေ့ နံနက် ၉ နာရီခန့်က ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
သို့အတွက် တပ်မတော်သား နှစ်ဦးဖမ်းဆီးခံရခြင်းကို သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းသို့ဆက်သွယ်ရာ ၎င်းက “ကျောက်ဂူစုတို့ ရွှေပြည်တို့ရွာက လူတွေက ထွက်ပြေးနေကြတယ်။ ကျောက်ဂူစုကတစ်ယောက်လည်း မနေ့က ကျည်ကျပြီး ဆုံးသွားတယ်။ ဘာကြောင့် အခုလို ရွာတွေကိုဝင်ပြီး လုပ်တာလဲဆိုတာကိုတော့ ကျွန်တော်လည်း မပြောတတ်ဘူးပေါ့နော်။ အခုတလောကတော့ ရွာတွေ မြို့ပေါ်တွေကို အဲဒီလို စစ်ကြောင်း ဝင်လာတာမျိုးတွေ တွေ့ရပါတယ်။” ဟု  နိရဥ္စရာသို့ ပြောသည်။

ကျောက်တော်မြို့နယ် သာစည်ကျေးရွာသို့လည်း ယမန်နေ့ နေ့လယ် ၃ နာရီကျော်ခန့်က တပ်မတော်သား အချို့ ဝင်ရောက်လာကာ ရွာသား ၅ဝ ဦးခန့်အား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ရွာသားများမှာလည်း ယင်းတပ်မတော်သားများအား ကြောက်လန့်ကာ ထွက်ပြေးလျှက်ရှိကြကြောင်း၊ လက်ရှိ ရွာထဲ၌လည်း သက်ကြီးများအပါအဝင် ရွာသားအချို့ ပိတ်ကျန်ခဲ့ကြောင်း သာစည်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြထွန်းက ပြောသည်။

“အခုထိ ဖမ်းသွားတဲ့လူတွေကို ပြန်လွှတ်ပေးတာ မရှိသေးဘူး။ အခုမနက် စစ်ဆေးကြည့်တော့ ဖမ်းသွားတာက လူပေါင်း ၅ဝ ထက်မနည်းဘူး။ ရွှေပြည်ရွာနဲ့ ကျောက်ဂူစုတို့ ဘုန်းကြီးကျောင်းတွေမှာ ထားထားတယ်လို့ သိရပါတယ်။ နောက်ပြီး သူတို့ တပ်ရင်း၊ တပ်မတွေကိုလည်း ခေါ်သွားပုံရတယ်။ မနေ့ညက ရွာထဲမှာ ပိတ်ကျန်ခဲ့တဲ့လူတွေကတော့ အခု ထွက်ပေါက်ရလို့ ထွက်ပြေး နေကြပါတယ်” ၎င်းက ပြောသည်။

အဆိုပါ သာစည်ကျေးရွာနှင့် ကျောက်ဂူစုကျေးရွာတို့မှာ ၂ မိုင်ခန့်သာ ဝေးကွာကြောင်း၊ ကျေးရွာအတွင်း ဒဏ်ရာရလူအချို့လည်း ရှိသည်သိရကြောင်း၊ ထွက်ပြေးသွားသူနှင့် ရွာအတွင်းကျန်ခဲ့သူတို့၏ ဦးရေအား ၄င်းအနေဖြင့် လောလောဆယ် မပြောနိုင်သေးကြောင်း၊ ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခြင်းများလည်း မရှိကြောင်း ဦးမြထွန်းက ဆက်ပြောသည်။

သာစည်ကျေးရွာတွင် လူဦးရေ ၂၂၄၃ ဦးနှင့် အိမ်ခြေ ၄ဝ၁ ဆောင်ရှိပြီး၊ ကျောက်ဂူစုကျေးရွာတွင် လူဦးရေ ၉၈ဝ ခန့်နှင့် အိမ်ထောင်စု ၁၈ဝ ခန့်တို့ရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ