ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

တိုက်ပွဲကြားပိတ်မိနေသည့်ကျေးရွာများသို့ သွားရောက်သည့် လွှတ်တော်အမတ်တားဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 1.5k

နောင်ခိုင်အောင်
နိရဥ္စရာ၊ သြဂုတ် ၇/၂ဝ၁၉

မင်းပြားမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်နှင့် ရဟန်းတော် (၄) ပါးတို့သည် တိုက်ပွဲများကြောင့် ပိတ်မိနေသည့် ကျေးရွာများသို့ သွားရောက်ရာ စစ်တပ်က တားဆီးခဲ့သဖြင့် မသွားရောက်နိုင်ဘဲ လှည့်ပြန်ခဲ့ရသည်ဟု သိရသည်။

“ကျနော်တို့ ဒီကနေ့မနက် ၈ နာရီးလောက်က ပိတ်မိနေတဲ့ ရွာတွေရဲ့ အခြေအနေကို ကြည့်ဖို့သွားပါတယ်။ အဲဒီမှာ လက်ခုပ်ကျေးရွာမှာ တပ်ချထားတာတွေ့ပါတယ်။ သူတို့က ရောက်တဲ့လူတွေကို စစ်ဆေးနေပါတယ်။ နေရပ်လိပ်စာတွေစစ်တယ်။ ကျနော့်ကိုလည်း လွှတ်တော် ကိုယ်စားလှယ် ဖြစ်တဲ့အတွက် ကိုယ်စားလှယ်ဖြစ်ကြောင်း အထောက်အထားတွေ တောင်းတယ်။ အထက်ကို တင်ပြပေးမယ်ဆိုပြီးတော့ ကျနော်တို့ကို တစ်နာရီနီးပါးလောက် ထိုင်ခိုင်းထားပါတယ်။ တစ်နာရီကျော် လောက်ကြာသွားတော့ ကျနော်တို့ကို အထက်က သွားခွင့်မပြုဘူး။ ဘာကြောင့် မပြုတာလဲလို့ မေးတော့ တိုက်ပွဲဖြစ်ပွားတဲ့နေရာ ဒေသဖြစ်တဲ့ အတွက် အသက်အန္တရာယ် မလုံခြုံတဲ့အတွက်ကြောင့် သွားခွင့်မပြုတာပါလို့ ပြောပါတယ်” ဟု မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှအောင်သိန်းက ပြောသည်။

ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွား ပြီးနောက် ပိတ်မိနေသည့် ကျေးရွာ အများအပြားရှိရာ ၎င်းကျေးရွာများ၏ အခြေအနေများကို သိရှိလို၍ သွားရောက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ပိတ်မိနေသည့် ကျေးရွာများမှာ စေတီရံ၊ ငဒက်၊ ဖုံသာပုလဲတောင်၊ နတ်မော်၊ ကျောက်မော်၊ အိုးပုံတောင်၊ ပြိုင်းချောင်း၊ ညောင်ခြုံ၊ နန်းတက်၊ ခွဆုံ၊ တောင်ပုတ်ကေေ၊ ကျောက်ဆုံ၊ စိတ္တရ၊ သလူချောင်းနှင့် လက်ခုပ် ကျေးရွာများ ဖြစ်ကြောင်း သိရသည်။

“ ကျနော်တို့ သွားတဲ့ရည်ရွယ်ချက်က ကျနော်က ပြည်သူ့ကိုယ်စားလှယ်ဖြစ်တဲ့အတွက် ပိတ်မိနေတဲ့ ကျေးရွာကပြည်သူတွေရဲ့အခြေအနေက ဘယ်လိုရှိတယ်။ စားရေး၊ သောက်ရေး တွေက ဘယ်လိုရှိနေလဲဆိုတာကို ကြည့်ဖို့အတွက်သွားတာဖြစ်ပါတယ်။ အဲလိုသွားတဲ့ ပြည်သူ့ ကိုယ်စားလှယ်ကိုတောင်မှ သွားခွင့်မပြုဆိုတဲ့အခြေအနေကိုတော့ နည်းနည်းတော့ သဘာဝအကျဘူးလို့ မြင်ပါတယ်” ဟု မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်သိန်းက ပြောသည်။

ယခုပိတ်မိနေသည့် ကျေးရွာပေါင်း ၁၅ ရွာတွင် အနည်းဆုံး လူပေါင်း ၃ဝဝဝ ကျော်လောက် ရှိနိုင်သည်ဟုလည်း သူကပြောသည်။

အဆိုပါကျေးရွာများကို သွားလာခွင့် ပိတ်ပင်လိုက်သည်မှာ ယခုလ သြဂုတ်လ ၄ ရက်နေ့မှ စပြီး ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်းနှင့် ယခုကဲသို့ ပိတ်ပင်လိုက်ခြင်းသည် လူ့အခွင့်အရေး ချိုးဖောက် ခံနေသလို ခံစားရကြောင်း ဒေသခံများက ပြောသည်။

“ ဒီမှာအခက်အခဲကတော့ ဘယ်လိုပြောရမှာလဲ။ လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်နေကြတော့ ဘယ်ကို ထိလို့ ထိမှန်းမသိဘူး။ အဲဒါတွေကို ကြောက်နေကြတယ်။ ပြီးတော့ ကျန်းမာရေး အခြေအနေတွေကိုလည်း စိုးရိမ်ကြတယ်။ လောလောဆယ်တော့ စားနပ်ရိက္ခာတွေကတော့ သိပ်တော့ အခက်အခဲမရှိသေးဘူး။ ပိတ်ထားတာက ၄ ရက်လောက်ပဲရှိသေးတာဆိုတော့ နည်းနည်းပါးပါးတော့ အဆင်ပြေနေသေးတယ်။ ဒါပေမဲ့ ဒီအတိုင်းသာပိတ်ဆို့ထားမယ် ဆိုရင်မလွယ်ဘူး။ သွားလာခွင့်ပိတ်ထားတာဆိုတော့ ကလေးတွေလည်း ကျောင်းမတက်ရဘူး။ ဆရာ၊ ဆရာမတွေလည်း လကုန်လို့ လစာသွားထုတ်တဲ့အချိန်နဲ့ တိုက်ဆိုင်သွားတော့ ရောက်မလာနိုင်ကြဘူး။ လက်နက်ကြီးသံတွေကလည်း ကြားနေရတယ်။  ရွာမှာက အကုန်လုံး ကြောက်နေကြတယ်” ဟု ပိတ်မိနေသည့် ကျောက်မော်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွာ၊ ပေါမြောင်ချောင်းဝနှင့် သလူချောင်းအနီးတို့တွင် မြန်မာ့တပ်မတော်နှင့် ရက္ခို့တပ်တော်တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံ ကျေးရွာ သားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးခိုလှုံနေကြရသည်။

 သြဂုတ်လ ၄ ရက်နေ့မှစ၍ ယင်းသို့ ထွက်ပြေးတိမ်းရှောင် သွားလာခွင့်များကို လက်ခုပ်ကျေးရွာတွင် စခန်းချထားသည့် တပ်မှ ပိတ်ပင်ထားခြင်းဖြစ်ကြောင်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

ဆက်စပ် သတင်းများ