စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

တံခွန်တိုင်ခေါ်သမီးလှရွာဟောင်းမှ ဖမ်းဆီးရမိသည့် ပစ္စည်းများမှာ AAနှင့် မသက်ဆိုင်ဟုပြောခွင့်ရသူဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 10k

ခိုင်လူလှ(ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ် ၁ဝ / ၂ဝ၁၉

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် တံခွန်တိုင်ရွာခေါ် သမီးလှရွာဟောင်းမှ စစ်တပ်က ဖမ်းဆီးရမိသည့် ပစ္စည်းများမှာ ရက္ခိုင့်တပ်တော် (AA) နှင့် တစ်စုံတစ်ရာ ပတ်သက်မှု မရှိကြောင်း AA ၏ ပြောခွင့်ရသူ ခိုင်သုခမှ ပြောကြားသည်။

သြဂုတ် ၈ ရက်နေ့က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များသည်  နံနက် ၁ဝ၄၅ နာရီခန့်တွင် တံခွန်တိုင် ကျေးရွာရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးဦးစံသာကျော် (ဘ)ဦးစောထွန်းသာ၏နေအိမ်အား လျှပ်တပြက် ဝင်ရောက် ရှာဖွေရာ WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၂ သန်း ၅ သိန်းခန့် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅ ဘီလီယံခန့်)၊ ကြိုးဆွဲလက်ပစ်ဗုံး ၃၆ လုံး၊ အိုင်ကွန် ၅၂ လုံး၊ မိုင်းပြုလုပ်ရန် အသုံးပြုသည့် ကွန်ကြူပိုက် ၂၃ ချောင်း၊ ဘောစေ့များ ရောနှော ထားသော ယမ်းထုပ် တစ်ပိဿာခန့် ၂ ထုပ်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ထိုသတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး AA ၏ ပြောခွင့်ရသူ ခိုင်သုခအား ဆက်သွယ်မေးမြန်းရာ ထိုဖမ်းဆီးရမိသည့် ပစ္စည်းများမှာ သူတို့နှင့် တစ်စုံတစ်ရာ ပတ်သက်မှု မရှိသလို စစ်တပ်က တမင်တကာ အကွက်ချ ဖန်တီးလို၍ သူတို့ကိုယ်တိုင် ယူဆောင်လာသော ပစ္စည်းများ ဖြစ်ကြောင်း ပြောဆိုသည်။

“ မနေ့က မြန်မာ စစ်တပ်က သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေဟာ ကျွန်တော်တို့နဲ့ လုံးဝ ပတ်သက်မှု မရှိဘူး။ ကျွန်တော်တို့ရဲ့ ပစ္စည်းတွေလည်း မဟုတ်ဘူး။ ဆိုတော့ သူတို့ သိမ်းဆည်း ရမိတယ် ဆိုတဲ့ ပစ္စည်းတွေဟာ သူတို့ကိုယ်တိုင် ယူဆောင်လာတဲ့ ပစ္စည်းတွေလို့ ကျွန်တော်တို့ အခိုင်အမာ သိရှိထားတာ ရှိတယ်ဗျာ။ ဒီရက်ပိုင်းတွေ အတွင်းမှာ ဒီစစ်တပ်က ရသေ့တောင် ဘက်မှာ နေပြီးတော့ လူထုတွေကို သူတို့ မတရားအနိုင်ကျင့် တာများတဲ့ အတွက်ကြောင့်မို့လို့ လူထုတွေက အများကြီးကြောက်လန့်နေတယ်။ အဲဒီ သမီးလှ ရွာဟောင်းကို  စစ်တပ် လာကတည်းက လူထုတွေက ပြေးကုန်ကြပြီ။ ဆိုတော့ အဲဒီ လူထုတွေ မရှိတဲ့ နေရာမှာ သူတို့က ဒီပစ္စည်းတွေကို သိမ်းဆည်းရမိတယ်လို့ ဆိုတာက အခြေအမြစ်မရှိတဲ့  ဥစ္စာဘဲ ဗျာ။ တစ်ဖက်မှာ ကျွန်တော်တို့ အေအေကို နိုင်ငံရေး အရနေပြီးတော့ ချောက်ချချင်တဲ့ အတွက်မို့လို့  တမင် အကွက်ဆင်ပြီး လုပ်ကြံတဲ့ လုပ်ကြံမှု တစ်ခုလိုဘဲ ကျွန်တော်တို့က အဲသလိုမြင်တယ်ဗျာ။ စစ်တပ်က လူထုကို ဒီလောက်ဖိနှိပ်နေတဲ့ ကာလမှာ ဒီလို စစ်ပစ္စည်းတွေ၊ ယာဘား ဆေးပြားတွေကို အိမ်ပေါ်မှာ ထားရဲမလားဆိုတာကို ခင်ဗျားတို့ဘဲ စဉ်းစားကြည့်လေဗျာ” ဟု ပြောဆိုသည်။

တပ်မတော်မှ ထုတ်ပြန်ချက်ထဲတွက်  ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါး အပြား ၂.၅ သန်းခန့်မှာလည်း AA မှ လက်နက်/ခဲယမ်းနှင့် ရိက္ခာများ ဝယ်ယူရေးအတွက် ငွေကြေးရှာဖွေရန် ပေးပို့ထားခြင်း ဖြစ်ကြောင်း၊ အခြားသိမ်းဆည်းရမိသည့် ကြိုးဆွဲလက်ပစ်ဗုံး ၃၆ လုံး၊ အိုင်ကွန် ၅၂ လုံး(အသစ်)တို့မှာလည်း AA အတွက် လိုအပ်ချိန်တွင် ထုတ်ယူ သုံးစွဲနိုင်ရေး ထိန်းသိမ်းထားရှိသည့် ပစ္စည်းများဖြစ်ကြောင်း ဖော်ထုတ်ရရှိသည်ဟု ဖော်ပြသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ ကျွန်တော်တို့က ရက်ခုန်တိုင်တို့၊ ပီးရင် အောက်ဘက်က အာကာတောင်တို့ အဲဒီရွာတွေဟာ  ညောင်ချောင်းနဲ့ ဒီရွာတွေဟာ သိပ်မဝေးဘူး။ ညောင်ချောင်းရဲစခန်းနဲ့ပေါ။ အဲဒီမှာ သတင်းတွေ အများကြီးရတယ်။ အေအေသည် ဒီနေရာတွေကို အခြေခံပြီးတော့မှ သွားလာလူပ်ရှားနေတယ်။  ဒီဝန်းကျင်မှာ ရှိတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ အေအေနဲ့ ဆက်စပ် ပြီးတော့မှ ဟုတ်လား၊ ဆောင်ရွက်နေတယ်။ မူးယစ်ဆေးဝါးတွေလည်း လုပ်နေတယ်လို့ သတင်းရတဲ့ အတွက် ကျွန်တော်တို့က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ညမှာ ရက်ခုန်တိုင်းရွာကို အဲဒီ ညမှာ Surprise ကပ်တာပေါ့။ ကပ်ပြီးရွာကနေ  မထွက်နိုင်အောင် လုံခြုံရေးသေချာအောင် လုပ်တာပေါ့။ ရဲနဲ့ ကျွန်တော်တိ်ု့ကို သတင်း အတိအကျ ပေးတယ်။ ရွာက ဥက္ကဋ္ဌပေါ့နော်။ ရွာက ဥက္ကဋ္ဌသည် ဒါတွေနဲ့ ပတ်သက်နေတယ် ဆိုပြီး သတင်းက သေချာနဲ့ လုပ်လိုက်တယ်။ ဒါပေမယ့် ကျွန်တော်တို့ တပ်တွေ တက်လာတယ် ဆိုတာနဲ့ ဥက္ကဋ္ဌက ထွက်ပြေးသွားတယ်။ သူ့မိသားစုတွေလည်း ထွက်ပြေးသွားတယ်။ ဥက္ကဋ္ဌအိမ်ကို ရှာဖွေလိုက်တဲ့ အခါ  မြဝတီမှာ သတင်းထုတ်ပြန်ထားတဲ့ အတိုင်းဘဲ ဆေးဝါးတွေ အများကြီးမိတယ်။ ဆက်သွယ်ရေး အိုင်ကွန် ၅၂ လုံးနဲ့ လက်ပစ်ဗုံး ၃ဝ ကျော်မိတယ်။ အေအေကို ထောက်ပံ့ပေးနေတဲ့ ဆန်တွေ အများကြီးမိတယ်” ဟု ပြောဆိုသည်။

နောက်ဆုံးရရှိသော သတင်းအရ ရက်ခုန်တိုင်ရွာအား ရှာဖွေပြီးနောက် အနီးရှိ အိုးဖောက်ရွာကိုလည်း ရေတပ်သင်္ဘော သုံးစီးဖြင့် မေယုမြစ်ထဲမှ စောင့်ကြပ်နေပြီး စစ်တပ်က ဝိုင်းဝန်း ပိတ်ဆို့ကာ တစ်အိမ်တက်ဆင်း ရှာဖွေမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။  

အိုးဖောက် (အုတ်ဖို) ရွာသားအများစုမှာ ရွာထဲက ထွက်ပြေးသွားကြသဖြင့် ရွာ၏ နောက်ဆုံး အခြေအနေကို မသိရှိရသေးပါ။

ဆက်စပ် သတင်းများ