ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်မြစ်ကြောင်းတွေ၊ ကမ်းလွန်ပြင်တွေမှာ ရေတပ်လှုပ်ရှားမှု အမြင့်ဆုံးအထိ ရောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 6.7k

ဘီဘီစီ (မြန်မာပိုင်း)

ရခိုင်ပြည်နယ်တွင်းစစ်ဆင်ရေးတွေမှာ အစိုးရ တပ်မတော်အနေနဲ့ ရေတပ်အင်အားကို မကြုံစဖူး အတိုင်းအတာထိ နေရာချ အသုံးပြုလာတယ် ဆိုပြီး နိုင်ငံတကာ စစ်ရေး သုတေသန စာစောင်ဖြစ်တဲ့ ဗြိတိန်အခြေစိုက် Jane's Defence Weekly က ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲက လက်နက်ကိုင် အံတုမှုတွေကို ဖြေရှင်းရာမှာ ရေတပ်ရဲ့ အခန်းကဏ္ဍဟာ အရေးပါတဲ့ နေရာအထိ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ရောက်လာခဲ့တယ်လို့ ဒေသတွင်း စောင့်ကြည့်သူတွေ၊ လုံခြုံရေး အကဲခတ်တွေကို ကိုးကားပြီး Jane's Defence Weekly က ရေးပါတယ်။

မုတ်သုံရာသီ စတင်လာခဲ့ပြီး နောက်ပိုင်း ရခိုင်လက်နက်ကိုင်အဖွဲ့ အေအေကို ကိုင်တွယ်ရာမှာ ရေတပ်အင်အားကို ပမာဏ တော်တော်များများ အထိ တိုးမြှင့် သုံးစွဲလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရေတပ်ထောက်ပို့ အဖြစ် အသုံးချလေ့ ရှိတဲ့ ရေယာဉ်တွေကိုပါ လှည့်ကင်း အဖြစ် အသုံးချလာတာကို အထူးသဖြင့် ပလက်ဝ မြို့နယ်ထဲမှာ တွေ့ရပြီး၊ ရသေ့တောင်နဲ့ ဘူးသီးတောင် မြို့နယ်တွေထဲမှာလည်း အလားတူ တွေ့လာရတယ်လို့ Jane's Defence Weekly ရဲ့ ကလောင်ရှင် အန်ထော်နီ ဒေးဗစ်က ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ပထဝီ သဘောအရ အခုကာလတွေမှာ မြစ်ရေ၊ ချောင်းရေတွေ လျှံလာပြီး ကုန်းလမ်းပိုင်း သွားလာရ ခက်ခဲ့တဲ့ အတွက် တပ်မတော် အနေနဲ့ စစ်ရေးနဲ့ ဆက်စပ်တဲ့ လှုပ်ရှား သွားလာမှုတွေမှာ ရေယာဉ်တွေကို ပိုပြီး အသုံးချလာတယ် ဆိုတဲ့ သဘောမျိုးသာမက ရေယာဉ်တွေကနေ တဆင့်လည်း ကြည်းတပ် စစ်ကြောင်းတွေကို ပစ်ကူပေးလာဖွယ် ရှိတယ်လို့လည်း အန်ထော်နီ ဒေးဗစ်က ဆိုပါတယ်။

ဒါ့အပြင် ပယ်လယ်ရေကြောင်းလမ်းတွေကတဆင့် အေအေတွေဆီ လက်နက်နဲ့ စားနပ်ရိက္ခာ အထောက်အပံ့တွေ ဝင်မလာနိုင်အောင် ကမ်းရိုးတန်း တလျှောက် ကင်းလှည့်တာကိုလည်း အစိုးရရေတပ်က အရေးတကြီး သဘောထား လုပ်ဆောင်တာမျိုး တွေ့ရတယ်လို့ အန်ထော်နီ ဒေးဗစ်က ပြောပါတယ်။

ဘယ်နေရာတွေမှာ လှုပ်ရှားတာလဲ

ဇူလိုင် ၂၃ ကစပြီး မြစ်ကြောင်းတွေ တလျှောက် အစိုးရတပ်က စစ်ဆေးရေး ကင်းစခန်းတွေ နှစ်ဆ တိုးချလာသလို၊ မေယုမြစ်ကို စုန်ချီဆန်ချီ ကင်းလှည့်နေကြတယ်လို့လည်း Jane's Defence ဆောင်းပါးထဲ ရေးသားထားပါတယ်။

စစ်တွေကနေ ဘူးသီးတောင်အထိ မြစ်ကြောင်းတလျှာက် သွားလာခွင့် လုံးဝပိတ်လိုက်တဲ့ အခါမျိုး ရှိတယ်လို့ ဆိုပေမယ့် အဲဒီ ပိတ်ပင်မှု အခုထိ အသက်ဝင်သေးလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

စစ်တွေနဲ့ ဓညဝတီ ရေတပ်စခန်း ဌာနချုပ်တို့က ကွပ်ကဲတဲ့ ကမ်းလွန်ရေပြင် ကင်းလှည့်တာတွေလည်း အကြီးအကျယ် တွေ့နေရတယ်လို့ ဆိုပါတယ်။ ဓညဝတီ ရေတပ်စခန်း ဌာနချုပ်ဟာ ရမ်းဗြဲကျွန်း အခြေစိုက် ဖြစ်ပြီး၊ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အကြီးအကျယ်ရှိတဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့လည်း မဝေးလှပါဘူး။

ရခိုင်ပြည်နယ်ထဲ အရေးပါတဲ့ နောက်ထပ် မြစ်တစ်စင်းကတော့ ကုလားတန်မြစ် ဖြစ်ပါတယ်။ အိန္ဒိယ မီဇိုရမ် ပြည်နယ်ကနေ ချင်းပြည်နယ်ကို ဖြတ်ပြီး ရခိုင်ထဲထိ စီးဝင်းတာ ဖြစ်ပြီး၊ စစ်တွေမှာ ပင်လယ်နဲ့ ပေါင်းသွားတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် မုတ်သုံရာသီ ကုန်းလမ်း အဆက်အသွယ်တွေ အားကိုးမရတော့ချိန်မှာ တပ်မတော် အနေနဲ့ ကုလားတန် မြစ်ကြောင်းကို တွင်တွင်ကြီး အသုံးချရမှာ ဖြစ်တယ်လို့ Jane's Defence စစ်ရေး သုတေသီတွေက သုံးသပ်နေကြတာ ဖြစ်ပါတယ်။
တပ်မတော်ရဲ့ စစ်ရေးဦးတည်ချက်ကို ဘယ်လိုသုံးသပ်ထားလဲ

တပ်မတော်ရဲ့ စစ်ရေး ဦးတည်ချက်တွေကို ကြည့်ရင် အေအေ အခြေချ နယ်မြေ ဒေသတွေကို လျှော့ချရေးနဲ့ ပလက်ဝနယ်ထဲက လေ့ကျင့်ရေး သင်တန်ကျောင်းတွေကို ဖြိုခွင်းနိုင်ရေးကို အဓိကထားတာ တွေ့ရပါတယ်။

အဲဒီဦးတည် ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ ရေကြောင်းလမ်းတွေဟာ အရေးပါလာတယ်လို့ အန်ထော်နီ ဒေးဗစ်က သူ့ရဲ့ Jane's Defence ဆောင်းပါးထဲ ရေးသားထားပါတယ်။
တပ်မတော်ဘက်က အခုလို ရေတပ်အား တိုးမြှင့် အသုံးပြုလာတာကို အေအေဘက်ကလည်း စစ်ရေးအရ တုံ့ပြန် ဆောင်ရွက်တာမျိုး တွေ့လာရပါတယ်။ ပြီးခဲ့တဲ့လကဆိုရင် တပ်မတော် ရေယာဉ်တွေကို အေအေက ရှော့တိုက်ဒုံး (ဘက်ထရီနဲ့ ဝါယာကြိုးတွေ ချိတ်ဆက်ပြီး လျှပ်စစ်နဲ့ ရှော့တိုက်ဒုံးပစ်ခတ်တဲ့နည်း) တွေနဲ့ ပစ်ခတ်တာမျိုး အနည်းဆုံး ၃ ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ဇွန်လထဲက ပစ်ခတ်မှုမှာ ဆိုရင် စစ်သည် နှစ်ဦး ကျပြီး၊ တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ တပ်မတော်က အတည်ပြုထားပါတယ်။

တခါ၊ တပ်မတော်နဲ့ အေအေတို့ ထိတွေ့ တိုက်ပွဲတွေ ပေါ်ပေါက်ရာ နေရာတွေကို ကြည့်ရင် တဖြေးဖြေး တောင်ဘက်ပိုင်း ဒေသတွေကို ရွေ့လာတာတွေ့ရပြီး၊ တိုက်ပွဲတွေ အဖြစ်စိတ်လာတဲ့ နေရာတွေထဲ မြေပုံနဲ့ အမ်းမြို့နယ်တွေ ပါဝင်သလို၊ ရမ်းဗြဲ၊ ကျောက်ဖြူဘက်အထိ တိုက်ပွဲဧရိယာ ပြန့်လာတယ်လို့ အန်ထော်နီ ဒေးဗစ်က ဆိုပါတယ်။

ဒီ အခြေအနေဟာ တပ်မတော်ကို အစိုးရိမ် ပိုကြီးထွားလာစေတယ်လို့လည်း သူက ပြောပါတယ်။
သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိတဲ့ နေရာဝန်းကျင်ထိ တိုက်ပွဲတွေ ရောက်လာတဲ့ အတွက် တရုတ်အစိုးရထံမှာ စိုးရိမ်မှုတွေ ရှိလာမှာကိုတော့ အေအေက လိုလားဟန် မတူဘူးလို့ စစ်ရေး ကလောင်ရှင် အန်ထော်နီ ဒေးဗစ်က ဆက်ပြောပါတယ်။

"မကြာသေးခင်ကပဲ အေအေက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကို ကြည့်လေ … ရခိုင်ပြည်နယ်ထဲ တရုတ်က ရင်းနှီးမြှုပ်နှံတာကို သူတို့ ကြိုဆိုပါတယ်၊ အားပေးပါတယ်လို့ ပြောထားတာပဲ။ ဒါဟာ တရုတ်ကို အေအေက အာမခံချက် ပေးနေတာဖြစ်တယ်။ တရုတ်ရဲ့ မြှုပ်နှံမှု အကျိုးစီးပွားတွေကိုတော့ သူတို့ထိမှာ မဟုတ်ကြောင်း ဆိုလိုရင်းပဲ" လို့ အန်ထော်နီ ဒေးဗစ်က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)မှ ကူးယူဖော်ပြသည်။

ဆက်စပ် သတင်းများ