ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

အရပ်သား ၁၂ ဦးလွှတ်ပေး၊ ဖမ်းဆီးထားသည့် မီးသတ်တပ်ဖွဲ့ဝင်များအား မကြာမီလွှတ်ပေးမည်ဟု AA ဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.5k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ အောက်တိုဘာ ၂၉ / ၂ဝ၁၉

ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထားသူ များ အထဲမှ အရပ်သား ၁၂ ဦးအား ယခုလ ၂၇ ရက်နေ့က လွှတ်ပေးလိုက်ပြီး ကျန်မီးသတ်တပ်ဖွဲ့ဝင်များအား မကြာခင်လွှတ်ပေးသွားမည်ဟု ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက နိရဥ္စရာကို ပြောသည်။

"သူတို့ကိုတော့ ကျနော်တို့က မကြာခင်တော့ လွှတ်ပေး၊ လွှတ်ပေးဖို့တော့ စီစဉ်နေတာရှိတယ်ဗျ။ ဒါ လုံခြုံရေးအနေအထားကောင်းလို့ရှိရင်တော့ မကြာခင်လွှတ်ပေးဖို့ရှိတယ်။"ဟု ခိုင်သုခက ပြောသည်။

အဆိုပါမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ဖမ်းဆီးသွားသည့် အရပ်သား ၁၂ ဦးကိုလည်း အောက်တိုဘာလ ၂၇ ရက်နေ့ ညနေပိုင်းတွင် လွှတ်ပေးထားပြီဟု ဆိုသည်။

လွှတ်ပေးထားပြီဖြစ်သည့်အရပ်သား ၁၂ ဦးအနက် ပန်းရံလုပ်သမား ကိုးဦးမှာ ထီးလင်းမြို့နယ် ကျင်းရွာမှ ရန်လင်းဦး (၄၅) နှစ်နှင့် မင်းဇော်ထွန်း (၄၁) နှစ်၊ ရေစကြိုမြို့နယ် မူညင်းရွာမှ ပေါက်စီ(ခ) သိန်းဆွေ (၃၇) နှစ်၊ ကိုကိုဦး (ခ) မောင်ဆယ် (၁၈) နှစ်၊ အောင်ဌေး (၃၅)နှစ် နှင့် မောင်ဇော်ထွန်း (၄၁) နှစ်၊ ရေစကြိုမြို့နယ် ညောင်ပင်စုရွာမှ နေမျိုးကျော် (၂၇) နှစ် နှင့် ဌေးလှ (၄၅) နှစ်နှင့် မော်ကျွန်းမြို့နယ် ကျုံလမုကျီးရွာမှ ကိုအေးမင်း (၃၇) နှစ် တို့ဖြစ်ကြသည်။

အလားတူ ကားသမား သုံးဦးမှာ င/ဖဲမြို့နယ် အောင်ပင်လယ်ရွာမှ ဇော်မင်းအောင် (၁၉ နှစ်)၊ င/ဖဲမြို့နယ် ပဒါန်းမှ ဇော်ဇော်ထွန်း (၂၇ နှစ်)နှင့် လရောင်(ခ)ယဉ်မျိုး (၃၂ နှစ်)တို့ဖြစ်ကြောင်း သိရသည်။

“ ရွှေပြည်သစ်ကားပေါ်ကနေပြီးတော့ ခေါ်ယူထိန်းသိမ်းခဲ့တဲ့လူတွေထဲက အဲဒီမှာ စစ်ဘက်နဲ့ ဘာမှ ပတ်သက်မှုမရှိတဲ့ အရပ်သားစစ်စစ်တွေပေါ့နော်။ အဲဒီမှာ ပန်းရံလုပ်တဲ့လူ ကိုးယောက်ပါတယ်။ နောက်ပြီးလို့ရှိရင် ကားသမားသုံးယောက်ပေါ့။ သူတို့ ၁၂ ယောက်ကို မနေ့က အောက်တိုဘာလ ၂၇ ရက်နေ့က ညနေပိုင်းမှာ ပြန်ပြီးတော့ ကောင်းကောင်းမွန်မွန်ပဲ လွှတ်ပေးလိုက်တယ်ဗျ” ဟု ခိုင်သုခက ဆက်လက် ပြောဆိုသည်။ 

ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်နေ့က ရွှေပြည်သစ်ခရီးသည်တင်ကားနှင့်လိုက်ပါလာသည့် ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်မှ သင်တန်းဆင်းပြန်လာသော မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦး၊ လမ်းကြုံလိုက်လာသည့် အေးရှားဝေါ့လ်ကုမ္ပဏီဝန်ထမ်း ၉ ဦး၊ ကားစက်ပျက်၍ လိုက်လာသူများနှင့် ကားသမား သုံးဦးတို့ကို မြောက်ဦးမြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးခေါ်သွားခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံထားရသည့် မီးသတ်တပ်ဖွဲ့ဝင်  ၁၉ ဦးမှာ ရခိုင်ပြည်နယ် ဂွမြို့နယ်မှ ဝင်းမိုးထိုက်၊ ကျောက်ဖြူမြို့နယ်မှ နိုင်လင်းထွန်း၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲမှ ကျန်ဝင်း၊ စနဲမြို့နယ်မှ ဇေယျာအောင်၊ ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာမှ စိုးမင်းသူနှင့် ကုဋေလင်း၊ မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာမှ အောင်စိုးမင်း၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ထင်လင်းထွန်း၊ ဘူးသီးတောင်မြို့နယ်မှ ဇော်မင်းထွန်း၊ စစ်တွေမြို့နယ်မှ သော်ဇော်ဝင်း၊ ဘူးသီးတောင်မြို့နယ်မှ ထွန်းကျော်မြတ်၊ ဘူးသီးတောင်မြို့နယ်မှ ဇော်နိုင်ဦး၊ ဂွမြို့နယ်မှ နန္ဒကျော်၊ ကျောက်တော်မြို့နယ်မှ စိုးပိုင်၊ ရမ်းဗြဲမြို့နယ်မှ အောင်နိုင်မျိုး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ဟိန်းလင်း၊ သံတွဲမြို့နယ်မှ ကျော်ရဲလင်းနှင့် ဘူးသီးတောင်မြို့နယ် တောင်ပဇာရွာမှ ကျော်လှိုင်နှင့် နောက်ထပ်  ဒု မီးသတ်ဦးစီးတစ်ဦးတို့ဖြစ်ကြသည်။

(အမှားပြင်ဆင်ချက်)

နိရဥ္စရာ သတင်းဌာနမှ အောက်တိုဘာ ၂၈ ရက်နေ့က “ AA က ဖမ်းဆီးထားသည့် မီးသတ်တပ်ဖွဲ့ဝင်များအထဲမှ ၁၂ ဦးကို ပြန်လွှတ်ပေး” သတင်းခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ဖော်ပြခဲ့ပါသည်။ အမှန်မှာ လွတ်လာသူ ၁၂ ဦးမှာ မီးသတ် တပ်ဖွဲ့ဝင်များ မဟုတ်ဘဲ မီးသတ်သမားများနှင့်အတူ အဖမ်းခံခဲ့ကြရသည့် ရခိုင်တွင် အလုပ် လာလုပ်ကြသည့် အလုပ်သမား ၉ဦးနှင့် ကားသမား ၃ ဦးတို့ ဖြစ်ကြောင်း သိရှိရပါသည်။

-------------------------------
Unicode
ထိုသို့ သတင်းတွင် လွဲချော်မှု ဖြစ်သွားသည့် အပေါ် နိရဥ္စရာ စာဖတ်ပရိသတ်အား အထူးတောင်းပန်အပ်ပါသည်။














ဆက်စပ် သတင်းများ