သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မိုင်း ၇ လုံးပေါက်ကွဲပြီးနောက် မြောက်ဦးမြို့နယ်ဘုရားအုပ်ကျေးရွာ စစ်ဆေးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7.2k

နောင်ခိုင်အောင်၊စိုးဇံအောင်
နိရဥ္စရာ၊နိုဝင်ဘာ ၂/၂ဝ၁၉

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်၊ဘုရားအုပ် (ခေါ်) သရက်အုပ် ကျေးရွာအနီး မိုင်း ၇လုံး ပေါက်ကွဲခဲ့ပြီးနောက် မြန်မာ့တပ်မတော် စစ်ကြောင်းတစ်ခုက ကျေးရွာတွင်းသို့ ဝင်ရောက်စစ်ဆေးခဲ့သည်ဟု သတင်းရရှိသည်။

နိုဝင်ဘာ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော် အချိန်က တပ်မတော် စစ်ကြောင်းတစ်ခုသည်  ဘုရားအုပ်ကျေးရွာထဲသို့ ဝင်ရောက်လာပြီး နေအိမ်များမှ အိမ်ထောင်စုစာရင်းနှင့် လူဦးရေကို စစ်ဆေးမေးမြန်းခဲ့သည်ဟု ကျေးရွာသား တစ်ဦးက ပြောသည်။
 
“ မနေ့က နေ့လယ် ၁၂ နာရီကျော်လောက်က လာစစ်တာပါ။ ဘာတွေစစ်လဲဆိုတော့ အိမ်ထောင်စုစာရင်းနဲ့ လူဦးရေကို စစ်တာပါ။ ရွာမှာက လူ ၂ဝ ကျော်လောက်ပဲ ရှိတော့တယ်။ ကျန်တဲ့ လူတွေက ရွာကနေ အကုန်လုံး ထွက်ပြေးသွားကြပြီ ဖြစ်ပါတယ်”ဟု နိရဥ္စရာသို့ ပြောသည်။

ဘုရားအုပ်ကျေးရွာသည် နေအိမ် ၁ဝဝ ကျော်၊လူဦးရေ ၄ဝဝ ကျော်ခန့် ရှိသည့်ကျေးရွာဖြစ်ပြီး မြောက်ဦးမြို့နှင့် တစ်မိုင်ခန့်သာကွာဝေးကြောင်း သိရသည်။

အဆိုပါ ကျေးရွာနှင့် ရွာဟောင်းတောကျေးရွာ အကြားတွင် အောက်တိုဘာလ ၃ဝ ရက်နေ့က တစ်ကြိမ်၊ ၃၁ ရက်နေ့က တစ်ကြိမ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

နောက်ပိုင်း တပ်မတော်စစ်ကြောင်းမှ ရွာကို ဝင်ရောက်ပြီး စစ်ဆေးမှုများရှိသည့်အတွက် ရွာသားများမှာ ကြောက်လန့်ပြီး ရွာမှ ထွက်ပြေးသွားခဲ့ကြောင်း၊ စစ်ကြောင်း ဝင်ရောက်စစ်ဆေးချိန်တွင်  ရွာအတွင်း သက်ကြီး ရွယ်အိုဦးရေ ၂ဝ ဝန်းကျင်လောက်သာ ကျန်ရှိခဲ့ကြောင်း၊ နေအိမ်များကို စစ်ဆေးရာတွင်  လူကြီးပိုင်း ကျေးရွာသား နှစ်ဦးဖြစ်သည့် ဦးမောင်သိန်းကျော်နှင့် ဦးမောင်စိန်ညွန့် တို့အား ခေါ်ယူပြီး စစ်ဆေးခဲ့သည်ဟု ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး အနောက်ပို်င်းတိုင်း စစ်ဌာနချုပ် စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက” အဲဒီရွာဟောင်းတောနဲ့ ဘုရားအုပ်နားမှာ ဟိုတစ်နေ့ကလည်း မိုင်း ၇ လုံးပေါက် ကွဲတယ်ဗျာ။အဲဒီမှာ တစ်လုံးက မကွဲဘူး။ အဲလိုဖြစ်နေတဲ့ နေရာကို ကျွန်တော်တို့က မစစ်ဆေးဘဲ အုန်းပွဲတွေနဲ့ သွားပြီး ကန်တော့နေရမှာလား။ အဲမှာ ရွာဟောင်းတောလည်း AA ပဲ။ဘုရားအုပ်လည်း AA ပဲ။ မြောက်ဦးလည်း AA ပဲ။ ကျွန်တော်တို့ ရှာမှာပဲ။တစ်ရွာလုံးက AA ပဲ ဖြစ်နေတော့ မပေါ်ဘူးဗျာ။ ပေါ်အောင်မေးယူရတယ်”ဟု နိရဥ္စရာက ဆက်သွယ်မေးမြန်းစဉ် ပြောသည်။

စစ်ကားယာဉ်တန်း မိုင်း ၇ လုံးတွင် ၆ လုံးပေါက်ကွဲခဲ့ပြီး တစ်လုံး မပေါက်ကွဲခဲ့ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါတပ်မတော်စစ်ကြောင်းမှာ ဘုရားအုပ်ကျေးရွာမြောက်ဘက်အစွန်ရှိ  သမိုင်းဝင် ရှေးဟောင်း ဘုရားတစ်ဆူ ဖြစ်သည့် ပီစိဘုရားတောင်ကုန်းပေါ်တွင် ရှိကြောင်း၊ယခင်ကလည်း ရွာထဲသို့ မကြာခဏ ဝင်ရောက် လာပြီး ရွာမှ ကြက်၊များကို အခကြေးငွေမပေးဘဲ တောင်းယူမှုများရှိကြောင်း ၄င်းက ဆက်ပြောသည်။

ဘုရားအုပ်ရွာမှ ဦးမောင်သိန်းကျော်၏ သားဖြစ်သူ ကိုဆွေမျိုးလင်းသို့ ဆက်သွယ်ရာ  ရွာကို စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သတင်းရကြောင်း၊ လက်ရှိတွင် ၄င်း၏ ဖခင် ဦးမောင်သိန်းကျော်၏ ဖုန်းကို စစ်တပ်မှ သိမ်းဆည်း ထားသည့်အတွက် ခေါ်ဆို၍ မရနိုင်ကြောင်း နိရဥ္စရာ သို့ပြောသည်။

-----------------------

Unicode:


နိရဉ်စရာ၊နိုဝငျဘာ ၂/၂ဝ၁၉


 








ဆက်စပ် သတင်းများ