သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မယူကမ်းတောင်ဦးတွင် ပေါက်ကွဲမှုနှင့် ပစ်ခတ်သံများထွက်ပေါ်လာပြီးနောက် ကျေးရွာသားအချို့ခေါ်ဆောင်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.3k

သိန်းဇော်(မောင်တော)
စစ်တွေ၊ နိုဝင်ဘာ ၁၂/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် တောင်ဦးဘက်မှ နိုဝင်ဘာလ ၁၂ ရက် ယနေ့ နံနက်အစောပိုင်း ၅ နာရီခွဲခန့်ကစတင်ပြီး   ကုန်တန်း၊ မကျည်းချောင်း၊ ပေါက်တောပြင်ကျေးရွာနှင့် အနီးစပ်ဆုံး ဖြစ်သည့် တောင်ဦးဘက်တွင် ပေါက်ကွဲသံများ ထွက်ပေါ် လာပြီးနောက် တပ်မတော်စစ်ကြောင်းတစ်ခုက ဒေသခံ ကျေးရွာသားအချို့အား ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံကျေးရွာသားများက ပြောဆိုချက်အရ သိရသည်။

ကုန်တန်းကျေးရွာသားတစ်ဦးက “ပေါက်သံ ငါးချက်လောက်ကြားလိုက်ရတယ်။ ပြီးတာနဲ့ သေနတ်ပစ်သံတွေ ထွက်လာတယ်။ အပြန်လှန်တိုက်ပွဲဖြစ်တာလား။ ဘယ်လိုဖြစ်တာလဲ ဆိုတာကို သွားမကြည့်ရဲလို့ မသိဘူး။ ရွာကလူတွေကလည်း ကြောက်လန့်ပြီး ကိုယ့်အိမ်မှာကို အပြင်အထွက်ရဲကြဘူး။ လက်နက်ငယ် ပစ်သံက အခုထိ ကြားနေရတုန်းပါ။ ဖြစ်တဲ့နေရာက ကျနော်တို့ရွာနဲ့ ဆိုရင် ၁၅ မိနစ်လောက်တောင် လျှောက်ရမှာမဟုတ်ဘူး။ နောက်ပြီးတော့ ဒုံးပိုက်ဘက်က လာတဲ့ စစ်ကြောင်းတစ်ခုက အောင်ဗလရွာက လူ ၄ ယောက်၊ ဆင်ပိုက်ရွာက  ၃ ယောက်ကို လမ်းက ဖမ်းခေါ်သွားတယ်လို့ ကြားရတယ်” ဟု နိရဥ္စရာ သတင်းဌာနမှ ယနေ့ နံနက် ၈နာရီခွဲက ဆက်သွယ်မေးမြန်းစဉ် ထိုသို့ ပြောသည်။

တောင်ဦးတွင် တိုက်ပွဲဖြစ်ပွားခြင်း ရှိ/ မရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမတန်းစစ်ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား နိရဥ္စရာသတင်းဌာနမှ ယနေ့ နံနက်ပိုင်း ၉နာရီက ဆက်သွယ်မေးမြန်းခဲ့ရာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဟု ပြန်လည်ဖြေကြားသွားသည်။

ပစ်ခတ်သံများ ကြားရသည်မှာ ကုန်တန်းကျေးရွာ၏ မြောက်ဘက် မောင်တော- အငူမော် ကားလမ်းဘေးအနီး တောင်ဦးဘက်မှ ဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ်သံများကြားရပြီး ဒုံးပိုက်ဘက်မှ တပ်မတော် စစ်ကြောင်းတစ်ခု ဆင်းလာပြီး ဒုံးပိုက်ရွာနှင့် ဆင်ပိုက်ရွာအကြား လမ်းပေါ်တွင်တွေ့ရှိသည့် လူများအား ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အမည်မဖော်လိုသူ ကုန်တန်းကျေးရွာသားက ပြောသည်။

တောင်ဦးဘက်မှ ပစ်ခတ်သံများ ကြားနေရမှုကြောင့် အိမ်ခြေ ၄ဝခန့်ရှိသည့် သာစည်ကုန်းကျေးရွာမှ ရွာသားများ ပေါက်တောပြင်ကျေးရွာသို့ ရွာလုံးကျွတ် ထွက်ပြေးနေကြကြောင်း သာစည်ကုန်းကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

-----------------------

Unicode:









ဆက်စပ် သတင်းများ