သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အမ်းမြို့နယ်ရေဘုတ်ရွာတွင် တပ်စွဲခဲ့သောစစ်ကြောင်းမှ လူ ၅ဦးကို ဖမ်းဆီးခေါ်ဆောင်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.5k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၁၂/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ရေဘုတ်ရွာတွင် ယာယီစခန်းချနေခဲ့သော တပ်မတော်စစ်ကြောင်း တစ်ခုမှ ဆိုင်ကယ်ဖြင့် ဖြတ်သွား ဖြတ်လာသူများအထဲမှ လူ ၅ ဦးအား ယမန်နေ့က ဖမ်းဆီးပြီး ခေါ်ဆောင်သွားသည်ဟု ဒေသခံ တစ်ဦးက ပြောကြားသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူ ၅ ဦးမှာ အမ်းမြို့နယ် ရူးကျေးရွာမှ ထွန်းသိန်းဝင်း (၃၂) နှစ်၊ အမ်းမြို့နယ် ကဏန်းပြင် ကျေးရွာအုပ်စု- သလူမော်ကျေးရွာမှ သိန်းကျော်ထွန်း (၃ဝ)နှစ်နှင့် ဦးသန်း (၂၃)နှစ်၊ အမ်းမြို့နယ် အစပ် မြေပုံမြို့နယ် ကျောက်ဖျာ အုပ်စု - မဒေးတောင်ရွာမှ တင်ရွှေသန်း (၂၇) နှစ်နှင့် လှထွန်းချေ(ခ) ငလုံး (၃၂) နှစ်တို့ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ ရေဘုတ်ရွာနဲ့ ဘုရားတောင်အကြားမှာ ကားလမ်းရှိပါတယ်။ တပ်မတော် စစ်ကြောင်း တစ်ခုက ဘုရားတောင်မှာ စခန်းချနေတာ နှစ်ရက် သုံးရက်ရှိနေပါပြီ။ မနေ့က နိုဝင်ဘာ ၁၁ ရက်နေ့ မနက်မှာ မော်တော်ဆိုင်ကယ်နဲ့ သွားတဲ့သူတွေကို ဖမ်းဆီး စစ်ဆေးတာတွေ ပြုလုပ်တာ ရှိပါတယ်။ သူတို့ကို စစ်ဆေးတော့ မသင်္ကာစရာတွေ့တယ်ဆိုပြီး ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဖြစ်တာက ၂ဝ၁၉ ခုနှစ် ၁၁ လပိုင်း နံနက် ၉ နာရီအချိန်မှာ ဖြစ်တာပါ” ဟု ရေဘုတ်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

၎င်းကားလမ်းမှာ ရူး- ရေဘုတ်- တပ်တောင်နှင့် အမ်းမြို့ထိ ဖောက်လုပ်ထားသော လမ်းဖြစ်ပြီး  ၎င်းလမ်းတွင် ဆိုင်ကယ်လေးစီး၊ လူ ၅ ဦးနှင့် ဖြတ်သွားစဉ် စစ်ကြောင်းမှ တားဆီးစစ်ဆေး  ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဆိုသည်။

“ စစ်ကြောင်း မနေ့က ညဉ့်အချိန်ကတည်းက ထွက်ခွာသွားပါပြီ။ သူတို့ကိုလည်း အတူခေါ်သွားတယ်လို့ သိရပါတယ်။ ဆိုင်ကယ်တွေကိုတော့ ဘုရားတောင်မှာ ချန်ထားခဲ့တဲ့အတွက် ရွာကလူတွေက ရွာထဲကို ယူပြီး သိမ်းဆည်းထားပါတယ်။ စစ်ကြောင်းက ဘယ်ကို သွားတယ်ဆိုတာ မသိနိုင်တဲ့ အတွက် အဖမ်းခံရတဲ့ လူ ၅ ယောက် ဘယ်ကို ရောက်နေတယ်ဆိုတာလည်း မသိနိုင်ပါဘူး” ဟု ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးသို့ ဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် မေးမြန်းတင်ပြနိုင်ခြင်းမရှိပါ။

အမ်းမြို့မရဲစခန်းသို့ ဆက်သွယ်ရာ ၎င်းတို့ထံသို့ ၎င်း လူ ၅ ဦး ရောက်ရှိအပ်နှံခြင်း မရှိကြောင်း ပြောကြားသည်။

---------------

Unicode:

နိရဉ်စရာ၊ နိုဝငျဘာ ၁၂/ ၂ဝ၁၉








ဆက်စပ် သတင်းများ