သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

တပ်ရင်းမှူးတစ်ဦးအပါအဝင် တပ်သား၂ဝ ခန့် ဖမ်းဆီးရမိကြောင်း AAသတင်းထုတ်ပြန်၊ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ၊ အရပ်သား ၃ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 9.9k

ချစ်အိလှိုင်၊ ဆောင်းဇာခြည်
နိရဥ္စရာ ၊ မတ် ၁၁/ ၂ဝ၂ဝ

တပ်မ ၇၇ လက်အောက်ခံ ခမရ( ၇) မှ တပ်ရင်းမှူးတစ်ဦးအပါအဝင် အရာရှိ၊ အကြပ်၊ တပ်သား စုစုပေါင်း(၂ဝ) ဦးခန့်အား လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA)မှ သတင်း ထုတ်ပြန်သည်။

၎င်းအနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ကျေးရွာ ၃ ခုအတွင်း လက်နက်ကြီးကျည်ကျ၍ အရပ်သား ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ 

ရက္ခိုင့်တပ်တော်(AA)မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက တပ်ရင်းမှူး တစ်ဦးအပါအဝင် တပ်သား အများအပြားကို ဖမ်းဆီးရမိကြောင်း နိရဥ္စရာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။

“မနေ့က မနက် ၄ နာရီလောက်က စပြီးတော့မှ ကျောက်တော်မြို့နယ်နဲ့ ပလက်ဝမြို့နယ် အစပ်ပေါ့နော်။ မုန့်သန်းပြင် အနီးမှာ  တစ်မနက်လုံး တိုက်ပွဲ အပြင်းအထန်ဖြစ်တယ်ပေါ့နော်။ အဲဒီတိုက်ပွဲတွေ အတွင်းမှာ မြန်မာစစ်တပ် ခမရ (၇) ရဲ့ တပ်ရင်းမှူး သက်နိုင်ဦးအပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည် ၂ဝ ဦးခန့် ဖမ်းဆီးရမိပြီးတော့ လက်နက် အမြောက်အများလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ နောက်ပြီးလို့ရှိရင် အလောင်း ၂ဝ လောက် သိမ်းဆည်းရမိခဲ့တာ ရှိပါတယ်။ ဒီထက်လည်း ပိုနိုင်တဲ့ အနေထားရှိတာပေါ့နော်။ အခုက ကျွန်တော်တို့ ဆက်ပြီးတော့ ရှင်းလင်းရေးတွေ လုပ်နေတုန်းပဲ ရှိပါသေးတယ်” ဟု ပြောသည်။

၂ဝ၂ဝ ခုနှစ်၊ မတ်လ(၁ဝ) ရက်နေ့တွင် မီးဝဗျူဟာကုန်းသို့စစ်ကူပေးရန်လာသော မြန်မာ့ တပ်မတော်၏ စစ်ကြောင်းများထဲမှ တပ်မ(၇၇) လက်အောက်ခံ၊ပဲခူးတိုင်း၊ ဘုရားကြီးမြို့၊ အခြေစိုက်၊ခမရ(၇)မှ တပ်ရင်းမှူး သက်နိုင်ဦး အပါအဝင် အရာရှိ၊ အကြပ်ဆရာ၊ ရဲဘော် အားလုံးစုစုပေါင်း(၂ဝ) ဦးခန့်အား လက်ရ ဖမ်းဆီးရမိကြောင်း၊  က်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်း ရမိကြောင်း ယနေ့ မတ်လ(၁၁)ရက် နေ့စွဲဖြင့် အေအေ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲအတွင်း ဖမ်းဆီးထားသူများအားနိုင်ငံတကာ စစ်သုံ့ပန်းဆိုင်ရာ ဥပဒေနှင့်အညီ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးခိုင်သုခက ဆက်ပြောသည်။

“အဲဒီတိုက်ပွဲတွေအတွင်းမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေကိုတော့ ကျွန်တော်တို့ ရက္ခိုင့်တပ်တော်ရဲ့ စစ်သုံ့ပန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း ဥပဒေတွေ၊ နောက်ပြီး နိုင်ငံတကာ စစ်သုံ့ပန်းဆိုင်ရာ ဥပဒေတွေနဲ့ အညီ ကောင်းကောင်းမွန်မွန်ပဲ ဆက်ပြီးထိန်းသိမ်းထားမှာ ဖြစ်ပါတယ်” ဟုပြောသည်။

၄င်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ တပ်ဘက်က သဘောထားကို သိလိုသဖြင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့အား နိရဥ္စရာသတင်းဌာနမှ အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းဆက်သွယ် မရရှိသေးပါ။

သေဆုံးသူ အရပ်သား ၃ ဦးမှာ  ပြိုင်းတိုင်းရွာမှ မိသားစုနှင့် အတူ စစ်ရှောင်ရန် ထွက်ပြေးစဉ် သံပုရာထောင့် ကူးတို့ဆိပ်တွင် ယနေ့နံနက်က လက်နက်ကြီးကျည်ကျ၍ အောင်နိုင်ထွန်း (၁၈) နှစ် သေဆုံးခဲ့ပြီး အိမ်ရှိ ဗုံးကျင်းတွင် လက်နက်ကြီး ကျည်ထိမှန်၍ အောင်သာယာ ကျေးရွာမှ မနိုင်နိုင်သန်း (၂ဝ) နှစ်သေဆုံးခဲ့သည်။ ၎င်းပြင် ကျော်ရွှီပြင်ကျေးရွာသို့ စစ်ရှောင်လာသူ မုန့်သန်းပြင်ကျေးရွာမှ ဒေါ်မချေ (၄ဝ) နှစ်လည်း ညဉ့် ၁ နာရီ အချိန်တွင် လေယာဉ်ပေါ်မှ ပစ်ခတ်သော ကျည်ဆံ ထိမှန်၍ သေဆုံးခဲ့သည်ဟု ကျေးရွာသား တစ်ဦးက ပြောကြားသည်။ ဒဏ်ရာရသူ အများအပြားရှိကြောင်းလည်း သတင်းရရှိသည်။

ယခုကဲ့သို့ အခြေအနေများကြောင့် ကျောက်တော်မြောက်ပိုင်း ကျေးရွာ အများအပြားမှ ရွာသားများ ရွာကို စွန့်ခွာ ထွက်ပြေးနေကြကြောင်း သတင်းရရှိသည်။ 

ကျောက်တော်မြို့နယ် မီးဝကျေးရွာနှင့် မုန့်သန်းပြင်ကျေးရွာအနီးတွင် ယမန်နေ့နေ့လယ် ၁၂ နာရီခန့်မှ  ညနေ ၃ နာရီခန့်ကြားတွင် မြန်မာတပ်မတော်မှ ဂျက်လေယာဉ် နှစ်စီးဖြင့် ၃ ကြိမ်ခန့် လာရောက်ပစ်ခတ်ခဲ့သည်။  ယနေ့ နံနက်အထိ ပစ်ခတ်သံများကြားနေရကြောင်း မီးဝ ကျေးရွာသားများကပြောသည်။

“ မနေ့က ဂျက်လေယာဉ်နှစ်စီး နဲ့လာပစ်တယ်။ မွန်းတည့် ၁၂ နာရီလောက်မှာ လေယာဉ်နှစ်စီးနဲ့ လာပစ်တယ်။ ညနေ ၃ နာရီလောက်ထိပစ်တယ်။ မုန့်သန်းပြင်မှာ အိမ်တွေ မီးလောင်နေတာ မြင်နေရတယ်။ အဲဒီရွာမှာတော့ ရွာသားတွေထွက်ပြေးသွားတော့ လူတော့မရှိဘူး။ မီးဝရွာထဲ ကိုတော့ လက်နက်ကြီးမထိပါဘူး။ ဒါပေမဲ့ လေယာဉ်တွေပျံပြီး ပစ်နေတော့ ရွာသားတွေ ကြောက်ပြီးပုန်နေကြတယ်။ မနေ့ညလည်း ဘူးသီးတောင်တပ်ရင်းဘက်တွေက ဒီဘက်တွေကို လက်နက်ကြီး ကျော်ပစ်နေတယ်။ ဒီနေ့ နံနက်အစောကြီး  ၂ နာရီကျော် လောက်မှာပေါ့။ မနက် ၁၁ နာရီလောက်ကလည်း လက်နက်ကြီးတွေ ပစ်သံကြားနေရတယ်” ဟု မီးဝကျေးရွာမှ အမည်မဖော်လိုသူ ရွာလူကြီးတစ်ဦးကပြောသည်။

မုန့်သန်းပြင်ကျေးရွာအနီးတဝိုက်များမှယနေ့နံနက်ကလညး် ပစ်ခတ်သံများ ကြားနေရသေးကြောင်း တိုက်ပွဲဖြစ်ပွားသည်နေရာနှင့် အနီးအနားရှိ ကျေးရွာသားများကလည်း နိရဥ္စရာသတင်းဌာနအားပြောသည်။

ကျော်ရွှီပြင် ရွာတွင် အိမ် ၄ ဆောင် မီးလောင်သွားခဲ့သည်ဟု ရွာသား တစ်ဦးက သတင်းပေးပို့သည်။

--------------------------------

Unicode:


နိရဉ်စရာ ၊ မတျ ၁၁/ ၂ဝ၂ဝ















ဆက်စပ် သတင်းများ