ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရဟတ်ယာဉ်မှ ပစ်ခတ်၍ မေလွန်းရွာမှ လူငယ်တစ်ဦး ကျည်သင့် သေဆုံး၊ မိဘနှစ်ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 3.1k

ဆောင်းဇာခြည်
နိရဥ္စရာ၊ မတ် ၃ဝ/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မေလွန်းကျေးရွာ အနီးရှိ တောင်တန်းများကို  ရဟတ်ယာဉ်ဖြင့် ပစ်ခတ်စဉ် ရွာထဲကျည်ကျသဖြင့် လူငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးသွားကာ ၎င်းလူငယ်၏ မိဘနှစ်ဦးမှာလည်း  ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း ကျေးရွာသားများက ပြောသည်။

အဆိုပါ သေဆုံးသူမှာ မေလွန်းကျေးရွာနေ မောင်ညီမြင့်လွင် (၁၆) နှစ်ဖြစ်ပြီး၊ ဒဏ်ရာရရှိသွားသူ ၂ ဦးမှာ သေဆုံးသူ လူငယ်၏ မိဘများဖြစ်ကြသည့်  ဦးအောင်ကျော်စိန်ချေ (၅၂) နှစ်နှင့် ဒေါ်မခင်တင် (၅၁) နှစ်တို့ ဖြစ်ကြောင်း မေလွန်းကျေးရွာသားတစ်ဦးက ပြောသည်။

အဆိုပါ ကျေးရွာသားက “ရဟတ်ယာဉ်နဲ့ လာပစ်တာပါ။ သူတို့အိမ်က ရွာအစဘက်မှာ ရှိတာပါ။ ရွာ ဘောလုံးကွင်းရဲ့ အနောက်ဘက်မှာ သူတို့ အိမ်ရှိတာ။ ရဟတ်ယာဉ်က အဲဒီဘောလုံးကွင်းအပေါ်က ပျံပြီး တောင်တန်းတွေကို ဗုံးကြဲတာပါ။ ဘာတိုက်ပွဲမှလည်း မဖြစ်ပါဘူး။ ကောင်လေးက ပွဲချင်းပြီး သေသွား ပါတယ်။ သူ့အဖေနဲ့ အမေက ဒဏ်ရာရသွားပါတယ်။ ဒဏ်ရာရသွားတဲ့သူတွေမှာက တစ်ကိုယ်လုံး လက်နက်အစတွေ လာကျတာလို့ သိရပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ယနေ့ ညနေ ၅ နာရီခွဲခန့်က ကျေးရွာ၏ အပေါ်မှ ပျံဝဲကာ ၅ မိနစ်ခန့်ကြာ ပစ်ခတ်ခဲ့ကြောင်း မေလွန်းကျေးရွာမှ အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

၄င်း အမျိုးသမီးက “ကျွန်မတို့ ရွာနားမှာ တိုက်ပွဲဖြစ်တာမရှိပါဘူး။ တိုက်ပွဲက တိုင်းဗဟို (၉) ဘက်မှာဘဲ ဖြစ်တာပါ။ ဒဏ်ရာရသွားတဲ့ နှစ်ယောက်ထဲက ဇနီးဖြစ်သူမှာ ဒဏ်ရာပြင်းပါတယ်။ သေသွားတဲ့ ကောင်လေးမှာက ဦးခေါင်းနဲ့ နို့အုံအောက်မှာ လက်နက်လာကျပြီး သေသွားတာပါ။ သူတို့ အိမ်ကိုလည်း လက်နက်ကျလို့ အိမ်က ပစ္စည်းတွေ ပျက်စီးသွားပါတယ်။ ရွာကို အနီးအနား ပတ်ပတ်လည်ကို ဗုံးကြဲ သွားတော့ ကျွန်မတို့ ရွာသားတွေ ကြောက်ပြီး နေစရာနေရာ မရတော့ဘူး။ ဗုံးကြဲသွားတာ အသည်းအအူတောင် မရှိသလို ဖြစ်သွားပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

မေလွန်းကျေးရွာ၏ အရှေ့ဘက် ၅ မိုင်ခန့်အကွာတွင် တိုင်းဗဟို (၉) လေ့ကျင့်ရေး ကျောင်းတည်ရှိကြောင်း၊ တိုင်းဗဟို (၉) နှင့် အနီးဝန်းကျင်တွင် မကြာခဏ တိုက်ပွဲ ဖြစ်နေကြောင်း ၎င်းက ပြောကြားသည်။

သေဆုံးသူနှင့် ဒဏ်ရာရရှိသွားသူ နှစ်ဦးတို့အား နာရေးကားဖြင့် မင်းပြားဆေးရုံကြီးသို့ ယူဆောင်ရန် စီစဉ် နေကြကြောင်းလည်း ကျေးရွာသားများ ပြောပြချက်အရ သိရသည်။

မင်းပြားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစစ်နိုင်မှ ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်၍ မေလွန်းရွာမှ လူငယ်တစ်ဦးသေဆုံးပြီး မိဘနှစ်ဦး ဒဏ်ရာရရှိသွားကြောင်းကို အတည်ပြုပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်နှင့် ဦးလှအောင်ညွှန့်တို့အား နိရဥ္စရာမှ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပါ။

---------------------------------

Unicode:


နိရဉ်စရာ၊ မတျ ၃ဝ/ ၂ဝ၂ဝ











ဆက်စပ် သတင်းများ