အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့ဂူဝဘုရားအနီးမှ ပေါက်ကွဲသံတစ်ချက်ထွက်ပေါ်ပြီးနောက် စျေးဆိုင်နှင့်ရွှေဆိုင်များ ပိတ်၍ ကားအသွားအလာများပါ ရပ်ဆ်ိုင်းသွားခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 1.6k

အိမ်စိုးဖြူ

နိရဥ္စရာ၊ သြဂုတ် ၁၆/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ပုဏ္ဏာကျွန်းမြို့၊ ဂူဝရှေးဟောင်းဘုရားအနီးတွင် ယနေ့ နံနက် ၈ နာရီခန့်က ပေါက်ကွဲသံ တစ်ချက်ထွက်ပေါ်ပြီးနောက် စျေးဆိုင်၊ ရွှေဆိုင်များပိတ်ကာ ကားအသွားအလာများ နာရီအနည်းငယ် ရပ်ဆိုင်းသွားခဲ့ကြောင်း သိရသည်။

စျေးဆိုင်ရောင်းချသူ မဝင်းဝင်းက “ပေါက်ကွဲသံကအတော်ကျယ်တယ်။ ပေါက်တာနဲ့ စျေးထဲကဆိုင်တွေ အကုန် ပိတ်ကြတော့တာပဲ။ အခုလည်း ဘယ်သူမှ မရှိဘူးစျေးမှာ။ ရွှေဆိုင်တွေလည်းအကုန်ပိတ်သွားတယ်။ ကားလမ်းမမှာ စစ်တပ်က လုံခြုံရေးယူထားတာတွေတော့ရှိတယ်။ မိုင်းပေါက်တယ်လို့ပြောနေကြတယ်။ ကား အသွားအလာလည်း ရပ်သွားတယ်။ ဒဏ်ရာရတဲ့လူရှိတယ်လို့ကြားနေပေမဲ့ အတိကျတော့ မသိဘူး။ ဘယ်သူမှ သွားမကြည့်ရဲဘူးလေ” ဟုပြောသည်။

၎င်းပေါက်ကွဲသံမှာ ် ရန်ကုန်- စစ်တွေကားလမ်းဖြစ်သည့် ဂူဝဘုရားရှေ့ ကားလမ်းတလျှောက်တွင် လုံခြုံရေးတိုးမြှင့်ခဲ့ပြီးနောက် နာရီပိုင်းအတွင်း ပေါက်ကွဲသံထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “မိုင်းပေါက်ကွဲတာဖြစ်နိုင်တယ်။ ဒါပေမဲ့ မပေါက်ကွဲခင်တည်းက လုံခြုံရေးယူထားပုံကြည့်ရင် မို်င်းရှင်းတာများလားမသိဘူး။လမ်းဆုံတွေမှာ စစ်သားတွေအစောင့်ချထားတယ်လို့ ဒေသခံတွေပြောလာတယ်။ ထိခိုက်ဒဏ်ရာရတဲ့ လူရှိတယ်လို့ ကြားနေရပေမယ့် အတည်ပြုလို့မရဘူး။ ကားအသွားအလာတွေရပ်ဆိုင်းသွားတယ်။ စျေးဆိုင်တွေလည်း ပိတ်သွားတယ်” ဟုပြောသည်။

ယနေ့နံနက် ၈ နာရီခန့်မှ နေ၍ နေ့လယ် ၁ နာရီနီးပါးထိ ရန်ကုန်-စစ်တွေ ကားလမ်းမတစ်လျှောက်တွင် ကားများ အသွားအလာ ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့သို့ အတည်ပြုချက်ရယူနိုင်ရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရရှိခဲ့သဖြင့် တပ်ဘက်က အတည်ပြုချက်ကို ရယူတင်ပြနိုင်ခြင်း မရှိပါ။


ဆက်စပ် သတင်းများ