စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရသေ့တောင်အခြေစိုက် တပ်ရင်းအချို့လက်နက်ကြီးဖြင့်တိုက်ခိုက်ခံရပြီးနောက် ရဟတ်ယာဉ်များဖြင့် တုံ့ပြန်တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 7.8k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ ၈/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ပေါ် အခြေစိုက်တပ်ရင်းများကို AA တပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်မှ ရဟတ်ယာဉ်နှစ်စီးဖြင့် မိနစ် ၃ဝ ခန့် ပြန်လည် တိုက်ခိုက်ခဲ့သည်ဟု ရသေ့တောင် ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက “ ရသေ့တောင် အခြေစိုက် တပ်ရင်း ၅၃၆၊ ၅၃၇၊ ၅၃၈ တပ်ရင်းတွေကို AA ကနေ နေ့လယ် တစ်နာရီကျော်လောက်မှာ လက်နက်ကြီးတွေ ငါးလုံး၊ ခြောက်လုံး ပြာပင်ရင်း ကမ်းဘက်ကနေ မေယုမြစ်ကို ကျော်ပြီး လက်နက်ကြီးတွေနဲ့ ပစ်တယ်လို့ သိရပါတယ်။ ထိတာ မထိတာ အရပ်သားတွေ မသိနိုင်ဘူး။ မိနစ် ၂ဝ လောက်အကြာမှာ ရုရှားလုပ် MI 35 ရဟတ်ယာဉ် နှစ်စီးနဲ့ ပြာပင်ရင်း၊ လုံးတင်ရွာ၊ ကညင်ချောင်းစတဲ့ ရွာအနီးဝန်းကျင်တွေကို ပစ်ခတ်တယ်။ မိနစ် ၃ဝ လောက် ကြာပါတယ်” ဟု ပြောကြားသည်။

ထိုသို့ ပစ်ခတ်ရာတွင် ပြာပင်ရင်းကျေးရွာအနီး ကျရောက် ပေါက်ကွဲမှုများ ရှိသော်လည်း ရွာသားများ ထိခိုက်မှု မရှိဟု ဒေသခံ ကျောင်းဆရာတစ်ဦးက ပြောသည်။

“ ရွာနားတွေမှာ ကျည်ဆံတွေ လာထိတယ်။ ရွာသားတွေကတော့ ရွာထဲမှာဘဲ ပုန်းနေကြပါတယ်။ ရွာသားတွေ ထိခိုက်မှု တစ်စုံတစ်ရာ မရှိပါဘူး။ အဓိက မြစ်ကမ်းနားစပ်တွေကို အဓိကထား ပစ်ခတ်ပါတယ်” ၎င်းကျောင်းဆရာက ပြောကြားသည်။

ထိုသို့ ပစ်ခတ်မှုများ အပြန်အလှန် ပစ်ခတ်သဖြင့် ရသေ့တောင်မြို့ပေါ်ရှိ စျေးဆိုင်များ၊ ရုံးများပိတ်သွားပြီး လူများ အသွားအလာရပ်ဆိုင်းသွားပြီး အိမ်ထဲတွင် နေနေကြရသည်ဟု ရသေ့တောင်မြို့ပေါ်မှ ဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိ အချိန်တွင် ဒေသတစ်ခုလုံး ငြိမ်သတ် တိတ်ဆိတ်နေသော်လည်း တိုက်ပွဲများ ဆက်ဖြစ်မည်ကို ဒေသခံ ပြည်သူများ စိုးရိမ်လျက် ရှိနေကြသည်ဟု သိရသည်။  

(ဓာတ်ပုံ- ယခင်တိုက်ပွဲများတွင် မြန်မာ့တပ်မတော်ဘက်က အသုံးပြုခဲ့သည့်ရဟတ်ယာဉ်များ)


ဆက်စပ် သတင်းများ