အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့ကကွမ်းယာဆိုင်တစ်ခုတွင် လက်နက်ကြီးကျည် ၂လုံးချိတ်ဆွဲထား၍ ဒေသခံများစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.4k

အိမ်စိုးဖြူ
နိရဥ္စရာ၊ စက်တင်ဘာ ၁၄/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းပိုင်းရပ်ကွက် ရန်ကုန်- စစ်တွေကားလမ်းမဘေးတွင် တည်ရှိသည့် ကွမ်းယာဆိုင်တစ်ခုတွင် တိုက်ပွဲလက်ကျန် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည် ၂ လုံးကို ချိတ်ဆွဲထားသဖြင့် ဒေသခံများအကြား စိုးရိမ်မှုများ ရှိနေကြောင်း သတင်းရရှိသည်။

၎င်းကျည်နှစ်လုံးကို ယနေ့နံနက် ၈ နာရီခန့်က ကွမ်းယာဆိုင်၏ ခေါင်မိုးစွန်းတွင် ပလစတစ်ကြိုးဖြင့်တွဲ၍ ဆိုင်တွင် ပစ္စည်းများကို ရောင်းချသကဲ့သို့ ချိတ်ဆွဲထားသည်ကို တွေ့ရှိခဲ့ရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက နိရဥ္စရာသတင်းဌာနအားပြောသည်။

“လက်နက်ကြီးပဲ။ ကျွန်တော်တို့က အမျိုးအစားတော့ မပြောတက်ဘူး။ လူတွေအုံကြည့်နေကြတယ်။ ဆိုင်ကလည်းပိတ်ထားတဲ့ဆိုင်ပါ။ မနက်ကတည်းက ဝိုင်အုံကြည့်နေကြတာ။ သက်ဆိုင်ရာကတော့ ဘာမှ လာမလုပ်ကြဘူး။ ပြုတ်ကျသွားရင်ပေါက်ကွဲမလား။မပြောတတ်ဘူး” ဟု ၄င်းက နံနက် ၁ဝ နာရီက ဆက်သွယ်စဉ် ပြောဆိုသည်။

၄င်း လက်နက်ကြီးကျည်ကို ရန်ကုန်-စစ်တွေကားလမ်းမကြီးဘေးရှိ ပိတ်ထားသည့် ပြည်ကျော်ကွမ်းယာဆိုင် တွင် ယနေ့နံနက်က ဖြတ်သန်းသွားလာသူများက တွေ့ရှိခဲ့ကြပြီး လမ်းသွားလမ်းလာများအနေဖြင့် စိုးရိမ်မှုများ ရှိနေကြသည်ဟု ဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းမောင်က “ဒါကမတော်တဆ အောက်ကို ပြုတ်ကျရင်ပေါက်ကွဲသွားနိုင်တယ်လို့ထင်တယ်။ ကျွန်တော်တို့ သက်ဆိုင်ရာကို အကြောင်းကြားထားတယ်။ ဘယ်သူ၊ ဘယ်အဖွဲ့ကဖြစ်ဖြစ်ဒီလိုလုပ်ရပ်မျိုးကို မပြုလုပ်သင့်ဘူး။ ဒီဟာကိုလုပ်တဲ့လူတွေက တာဝန်ယူရမယ်။ ဘယ်က လာချိတ်သွားတာမှန်းလည်း မသိဘူး။ကျွန်တော်ကိုယ်တိုင်သွားကြည့်ခဲ့တယ်” ဟုပြောသည်။

လက်နက်ကြီးကျည် ၂ လုံး ကွမ်းယာဆိ်ုင်တွင် ကြိုးဖြင့် ချိတ်ဆွဲထားပြီး ရောင်းချမည့် သဏ္ဍန်ပြုလုပ်ထားသဖြင့် လူအများ စိတ်ဝင်တစားဖြင့် လာကြည့်ကြကြောင်း၊ ၎င်းလုပ်ရပ်မှာ ရခိုင်စစ်ပွဲ၏ သရုပ်အမှန်ကို ဖော်ပြနေခြင်း ဖြစ်သော်လည်း အန္တရာယ်ရှိသဖြင့် မပြုလုပ်သင့်ဟု ၎င်းက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ ဒုရဲမှူးခင်မောင်အေးအားဆက်သွယ်မေးမြန်းရာ တစ်စုံတစ်ရာဖြေဆိုခြင်းမရှိပဲ ဖုန်းချသွားခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမြင့်သိန်းကလည်း ၄င်းမှာ လက်နက်အမျိုးအစားအား သိရှိခြင်း မရှိကြောင်း ရဲတပ်ဖွဲ့အားမေးမြန်းသင့်ကြောင်းပြောသည်။

“ဒီကိစ္စကစစ်လက်နက်ပစ္စည်းဖြစ်တဲ့အတွက် ကျွန်တော်ဘာမှမဖြေနိုင်ဘူး။ ရဲတပ်ဖွဲ့ကိုမေးတာပဲကောင်းပါမယ်” ဟုဆိုကာ ဖုန်းချသွားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း   အပြစ်မဲ့အရပ်သားပြည်သူများထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုများရှိနေပြီး ယင်းအထဲတွင် တိုက်ပွဲများမှ မပေါက်ကွဲဘဲ ကျန်နေခဲ့သည့်  စစ်လက်နက်ပစ္စည်းများ မတော်တဆ ပေါက်ကွဲရာမှ  သေဆုံးရသည့် ဖြစ်ရပ်များလည်း ပါဝင်နေကြောင်း ရခိုင်တိုင်းရင်သား မျိုးနွယ်များ အစည်းအရုံး(REC)၏ စစ်တမ်းအရ သိရသည်။

ဆက်စပ် သတင်းများ