ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

နယ်စပ်မိုင်တိုင် ၄ဝအနီးရှိကင်းစခန်းတိုက်ခိုက်ခံရ၊ စစ်သည်၂ဦးကျဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 4.6k

နိရဥ္စရာ၊ ဇူလိူင် ၇/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ တောင်ပြိုလက်ဝဲနယ်မြေ နယ်စပ်မိုင်တိုင် ၄ဝ အနီးရှိ နယ်ခြားစောင့်ကင်းစခန်းနှင့် တပ်မတော် ပူးပေါင်း လုံခြုံရေး စခန်းတစ်ခုကို လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဇူလိူင် ၆ ရက်နေ့ နံနက်က လာရောက်တိုက်ခိုက်ခဲ့သဖြင့် စစ်သည် ၂ ဦးကျဆုံးပြီး တစ်ချို့ ဒဏ်ရာ ရရှိခဲ့သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်သည် နှစ်ဦးကျဆုံးပြီး ရဲတပ်ဖွဲ့ဝင်တစ်ချို့ ဒဏ်ရာရရှိခဲ့သည်ဟု ပြောဆိုသည်။

“ ဖြစ်တာက ဇူလိူင် ၆ ရက် မနက် ၆ နာရီလောက်မှာ တစ်ဖက်နို်င်ငံကနေ ဝင်ရောက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုကနေ နယ်စပ် ခြံစည်းရိုး အပြင်ကနေ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အင်အား ခန့်မှန်း လေးငါးဆယ်လောက်ပါတို့လို့တော့ သိရတယ်။ စစ်သည် ၂ ဦးကျဆုံးတာမှန်တယ်။ ရဲတပ်ဖွဲ့တစ်ချို့လည်း ဒဏ်ရာအနည်းငယ် ရတာတွေရှိပါတယ်” ဟု ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ၎င်းလက်နက်ကိုင်အဖွဲ့သည် ဘင်္ဂလာဒေ့ရှ်နယ်စပ်ဘက်သို့ ဆုတ်ခွာသွားခဲ့သည်ဟု သိရသည်။

“ ဒီနယ်မြေက အာရ်ဆာ လူပ်ရှားတဲ့နယ်မြေဖြစ်တယ်။ နယ်စပ်မှတ်တိုင် ၄ဝ အနီးတစ်ဝှိုက်ဆိုတော့။ ဒါပေမယ့် အာရ်ဆာလား၊ အေအေလက်နက်ကိုင်အဖွဲ့လား၊ စိစစ်ဆဲဖြစ်တယ်။ အတိအကျတော့ ပြောလို့မရသေးဘူး” ဟု ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ရက္ခိုင်တပ်တော် (AA) ပြောခွင့်ရသူ ခိုင်သုခသို့ ဆက်သွယ်မေးမြန်းရာ မြေမြင်မှ သတင်းများ တက်မလာသေးသဖြင့် သူ့အနေဖြင့် တိတိကျကျ မသိရှိရသေးဟု ဆိုသည်။

“ မိုးလည်း အရမ်းရွာနေတော့ မြေပြင်က သတင်းတွေ ကျွန်တော်ဆီကို မရောက်လာသေးဘူး။ ဒါကြောင့် ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မရသေးဘူး။ အတည်ပြုလို့ မရသေးဘူး” ဟု ပြောဆိုသည်။

၎င်းတိုက်ပွဲဖြစ်ပွားပြီးနောက် မြန်မာစစ်တပ်ဘက်မှ စစ်ကူများ လိုက်သွားပြီး နယ်စပ်တစ်လျှောက် လုံခြုံရေးကို တိုးမြှင့်ထားသည်ဟု ဒေသခံများက ပြောကြားသည်။

(ဓာတ်ပုံ- AFP)

ဆက်စပ် သတင်းများ