အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

စစ်တွေမြို့ ကုန်တန်းရက်ကွက်တွင်ဖမ်းဆီးခံခဲ့ရသည့် လူငယ်တစ်ဦး ၈ရက်ကြာသည်အထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 7.7k

နိရဥ္စရာ၊ဇွန် ၃၀/ ၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကုန်တန်းရပ်ကွက်တွင် ပန်းရံလုပ်နေသည့် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ၈ ရက် ကြာသည်အထိ မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံး နေကြောင်း သတင်းရရှိသည်။
၎င်းသူမှာ ကိုမောင်မောင်လင်း(၂၆)နှစ် (ဘ) ဦးမောင်လှဝင်း (မိ) ဒေါ်မအေးခိုင် တို့၏သားဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီကုန်းရွာဇာတိဖြစ်ကြောင်းသိရသည်။
၎င်းကို ဇွန်လ ၂၃ရက် ညနေ ၉နာရီ အချိန်ခန့်တွင် ကုန်တန်း ရပ်ကွက်ရှိ ဘီအိုစီ(BOC) လမ်းဆုံတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု မိခင်ဖြစ်သူ ဒေါ်မအေးခိုင်က နိရဉ္စရာသတင်းဌာနကိုပြောသည်။
“သူက ပန်းရံလုပ်နေတာပါ။ အဲဒီနေ့ကသူနဲ့အခြားနှစ်ယောက်က ကွမ်းယာဆိုင်မှာ ကွမ်းဝယ်နေတဲ့ အချိန် စစ်သားတွေလာတယ်၊ လာတယ် ဆိုလို့ ပြေးကြတယ်လို့ပြောတယ်။ အဲဒီမှာ အခြား နှစ်ယောက်က တစ်ဖက်ပြေး သွားတယ်။ ကျွန်မသားကတစ်ဖက်ပြေးတယ်လို့ပြောတယ်။ စစ်သားတွေက သားလေးကိုဖမ်းမိသွားတယ်လို့ သိရတယ်။ ဖမ်းပြီးတဲ့ နောက်တစ်နေ့ ဇွန် ၂၄ ရက်နေ့မှာ အမှတ် (၁)ရဲစခန်းမှာ လာရှင်းလို့ သူပန်းရံလုပ်နေတဲ့ တိုက်ရဲ့ ပိုင်ရှင်မိန်းမကို စစ်သားတွေက ပြောခဲ့တယ်လို့ တိုက်ပိုင်ရှင် အမျိုးသမီးက ကျွန်မကိုပြောတယ်”ဟု ဆိုသည်။
၎င်းနောက် ဖမ်းဆီးခံရပြီး နောက်တစ်နေ့ ဇွန်လ ၂၄ရက်နေ့တွင် ဒေါ်မအေးခိုင်သည် သားဖြစ်သူ ကိုမောင်မောင်လင်းနှင့် တွေ့ရန် စစ်တွေသို့ ရောက်ရှိလာပြီး ပထမဆုံး အမှတ် (၁) ရဲစခန်းကို သွားခဲ့ကာ သားဖြစ်သူ ရှိ၊ မရှိမေးမြန်းရာ စခန်းတာဝန်ရှိသူများကမရှိဟုပြောဆိုလိုက်ကြောင်း၊ ဆက်လက်၍ အမှတ် ၂ရဲစခန်းကိုသွားမေးမြန်းရာ ၎င်းစခန်းတွင်လည်း မရှိဟု ပြောဆိုလိုက်ကြောင်း ဒေါ်မအေးခိုင်က ပြောသည်။
“ကျွန်မက အမှတ်၁ရဲစခန်းကို သွားပြီးတော့ သားဖြစ်သူဖမ်းဆီးခံလိုက်ရတာကို စခန်းမှူးကို ပြောပါတယ်။ သူ့နာမည်က မောင်မောင်လင်းပါ၊ ကျွန်မက သူ့အမေပါလို့ပြောလိုက်တယ်။ စခန်းမှူးကပြောတယ်။ မရှိဘူးလို့။ ဒီကိုမရောက်လို့ပြောပါတယ်။ မရှိလို့ဆိုတော့ ကျွန်မလည်း ထွက်လာပြီးတော့ အမှတ် ၂ရဲစခန်းကို သွားမေးပါတယ်။ အဲဒီ စခန်းကလည်း ဒီကိုရောက်လို့ မရှိဘူးလို့ပြောပါတယ်။ ရဲစခန်းတွေကို မရောက်ဆိုတော့ ကျွန်မလည်း ဘာလုပ်လို့ ဘာကိုင်ရမလဲဖြစ်ပြီးတော့ အိမ်ကိုပြန်လာရတာပေါ့”ဟုဆိုသည်။
ရက္ခိုင့်တပ်တော်(AA)က စစ်တွေမြို့မှ ဖမ်းဆီးခံထားရသူ လူဦးရေစာရင်းကို ထုတ်ပြန်သည့် ၂၁ ဦး စာရင်းတွင်လည်း ကိုမောင်မောင်လင်းမှာ မပါရှိဘဲ ပျောက်ဆုံးနေသဖြင့် ကိုမောင်မောင်လင်း အတွက် အထူး စိုးရိမ်ပူပန် နေရသည်ဟု မိခင်ဖြစ်သူက ပြောဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၂၃ရက်နေ့တွင် စစ်တွေမြို့မှ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး အဆင့်ရှိ အရာရှိတစ်ဦး၊ တပ်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တဦး တို့ကို ရက္ခိုင့်တပ်တော်(AA)ကဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ၎င်းနေ့ ညနေပိုင်းအချိန်တွင် စစ်တွေမြို့အား စစ်ကောင်စီတပ်က ပိတ်ဆို့ပြီး ရပ်ကွက် အချို့ကို ဝင်ရောက်စစ်ဆေးကာ အရပ်သားများကို ဖမ်းဆီး သွားခဲ့သည်။
ယင်းနောက်ပိုင်းတွင် အရပ်အသားအများအပြား သတင်းမရဘဲ ပျောက်ဆုံး နေသည်။ ၎င်းတို့အထဲတွင် ပန်းရံလုပ်နေသူ ကိုမောင်မောင်လင်း သာမက စစ်တွေမြို့ ဓည၀တီ (က)ရပ်ကွက်မှ ဦးမောင်အေး ( ဘ)ဦးရွှေထွန်းဖြူ (အသက်-၅၂)နှစ်၊ ဦးအောင်လှစိန်(အသက်-၆၃နှစ်)၊ ဦသိန်းရွှေ(ဘ) ဦးဗုဒ္ဓဟူးအောင် (အသက် ၄၂ နှစ်) တို့ လည်း ပါဝင်သည်။ ၎င်းတို့ ၃ ဦးသည် ဇွန် ၂၄ ရက်သောကြာနေ့ ည ၇ နာရီကစပြီး မိသားစုများနှင့် အဆက်အသွယ် ပြတ်တောက် သွားခဲ့သည်ဟု မိသားစုများက ပြောဆိုသည်။
ရခိုင်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက ၎င်းတို့ ၃ ဦးအပါအဝင် စစ်တွေ စရဖ ရုံးတွင် လူပေါင်း ၃၀ လောက်ကို ဖမ်းဆီးထားပြီး ညှဉ်းပမ်းနှိပ်စက်ကာ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ကြားသိရကြောင်း နိရဉ္စရာသတင်းဌာနကို ပြောကြားသည်။ (NN-11)

ဆက်စပ် သတင်းများ