ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်တွေတွင် မှောင်ရိပ်ခိုမှုစွဲချက်ဖြင့် ထောင် ၁ လချမှတ်ခဲ့ရသူ ၂ ဦး လွတ်ရက်စေ့၍ လွတ်မြောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 8.8k

နိရဥ္စရာ၊ ဇူလိုင် ၂၉ / ၂ဝ၂၂
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ပြစ်မှု ရှာမရသဖြင့် မှောင်ရိပ်ခိုသည်ဟုဆိုကာ ပုဒ်မ ၆၁(ဂ)ဖြင့် အတင်းဓမ္မ ထောင် ၁လချမှတ်ခံခဲ့ရသူ ၂ ဦးသည် ယမန်နေ့တွင် လွတ်ရက်စေ့၍ ပြန်လွတ်မြောက်လာသည်ဟု သိရသည်။
လွတ်မြောက်လာသူ ၂ ဦးမှာ စစ်တွေမြို့၊ ဓညဝတီ(က)ရပ်ကွက်မှ ဦးမောင်အေး (၅၂ နှစ်)နှင့် ဦးသိန်းရွှေ(၄၂ နှစ်)တို့ဖြစ်ကြသည်။
သူတို့သည် ယမန်နေ့ ဇူလိုင်လ ၂၈ ရက်တွင် စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်ဟု ရခိုင့်လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက နိရဥ္စရာကိုပြောသည်။
“မနေ့က မနက် ၁၁ နာရီလောက်မှာ ရက်စေ့ပြီးတော့ လွတ်လာတာပါ”ဟု ပြောသည်။
သူတို့ ၂ ဦးသည် မှောင်ရိပ်ခိုမှုဥပဒေပုဒ်မ ၆၁(ဂ)ဖြင့် စစ်တွေမြို့နယ် တရားရုံးက ဇွန်လ ၃ဝ ရက်တွင် ထောင်ချခံခဲ့ရခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်တွင် စစ်တွေ၌ ရေတပ်အရာရှိတစ်ဦးကို ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း စစ်တွေမြို့ခံအများအပြားကို ဖမ်းဆီးခဲ့မှုများရှိခဲ့သည်။
ယင်းသို့ဖမ်းဆီးရာ ယခုလွတ်မြောက်လာသူ ၂ ဦးသည် ဇူလိုင်လ ၂၄ ရက် ညနေပိုင်းတွင် စစ်တွေမီးစက်ကြီးလမ်းဆုံအနီး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
သူတို့ ၂ ဦးနှင့်အတူ တစ်ရပ်ကွက်တည်းနေသူ နောက်ထပ်တစ်ဦးလည်း တစ်ချိန်တည်းတွင် ဖမ်းဆီးခံခဲ့ရသော်လည်း ရက်ပိုင်းအကြာတွင် လွတ်မြောက်လာခဲ့သည်။
ဇွန်လ ၂၃ ရက်မှ ၂၅ ရက်အတွင်း စစ်တွေတွင်ဖမ်းဆီးခံခဲ့ရသည့်အရပ်သားအများအပြားသည် လက်ရှိတွင် လွတ်မြောက်သွားပြီဖြစ်သော်လည်း အချို့မှာ ဖမ်းဆီးစစ်ဆေးခံနေရဆဲဖြစ်သည်။
ဓာတ်ပုံ - ဦးမြတ်ထွန်း

ဆက်စပ် သတင်းများ