ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရွာမီးလောင်ခဲ့သည့် တင်းမရွာသားများနေရပ်ပြန်ရန် ဒုတိယအကြိမ်ပြည်နယ်ပစကကောင်စီထံ စာရေးတောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 3.2k

ချစ်အိလှိုင်

နိရဉ္စရာ၊ မေ ၁/ ၂ဝ၂၁

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ စစ်ပြေးရှောင်တင်းမရွာသားများသည် နေရပ်ပြန်ရန် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ (ပစက) ထံသို့ ဒုတိယအကြိမ်စာရေးတောင်းဆိုခဲ့သည်ဟု သတင်းရရှိသည်။

နေရပ်ပြန်ရန် မေလ ၁ဝ ရက်နေ့က ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီထံသို့ ဒုတိယအကြိမ် စာရေးတောင်းဆိုခဲ့ကြောင်း၊ ယခုဆိုလျှင် င်းမရွာကို စွန့်ခွာလာခဲ့သည်မှာ တစ်နှစ် ကျော်လာပြီ ဖြစ်သဖြင့် မိမိနေရပ်သို့ လုပ်ကိုင်စားသောက်ရန် ပြန်လိုကြောင်း ကျောက်တော် မြို့သစ်စစ်ဘေးရှောင် စခန်းမှ ဦးထွန်းသိန်းက ပြောသည်။

တစ်လကို ဆန်ခြောက်ပြည်နဲ့ ငွေတစ်သောင်းခွဲ အကူညီရတယ်။ အဲဒါနဲ့ ဦးလေးတို့ စားသောက်ရေး ဘယ်လိုမှ အဆင်မပြေဘူး။ အပြင်ထွက်ပြီးတစ်နေ့သုံးထောင်နဲ့ နေ့စားလုပ်ပြီးစားရတယ်။ဒီလို ရပ်တည်လို့ မဖြစ်နိုင်တော့ဘူး။ မိုင်းအန္တရာယ်နဲ့ စစ်လက်နက်အကြွင်းအကျန်တွေကိုလည်း ကြောက်တယ်။ ကလေးတွေကောက်ယူလာပြီး ပေါက်ကွဲနေတာတွေ ကြားနေရတော့လေ။ ဒါပေမယ့် ဦးလေးတို့ စစ်ဘေးရှောင်စခန်းတွေမှာ ထပ်မနေချင်တော့ဘူးဟုပြောသည်။

စစ်ဘေးရှောင် တင်းမရွာသားများသည် နေရပ်ပြန်လိုကြောင်း ယခုနှစ်ဧပြီ ၂၆ ရက်နေ့ကလည်း  ပြည်နယ်ကောင်စီသို့ ပထမအကြိမ် တင်ပြတောင်းဆိုခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းမပြန်သဖြင့် ယခုဒုတိယ တစ်ကြိမ် တင်ပြတောင်းဆိုရခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

ပထမအကြိမ် တင်ပြတောင်းဆိုရာတွင် တင်းမရွာသားများအနေဖြင့် ရွာနှင့် ရွာအနီးရှိ တောတောင် များကို မိုင်းနှင့် စစ်ကျန်လက်နက်များ ရှင်းလင်းပေးရန်၊ လက်နက်ကြီးကျည်ကျ၍ ဘုန်းတော်ကြီးကျောင်းနှင့် သိမ် ဓမ္မာရုံတို့ကို ပြုပြင်ပေးရန်၊ ကျေးရွာအတွင်းမီးလောင် ပျက်စီးသွားသည့် နေအိမ်များကို ပြန်လည်တည်ဆောက်ပေးရန်၊ ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ကူညီပေးရန်၊  ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေသည့် တင်းမ ကျေးရွာသားများကိစ္စကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက် ပေးရန်စသည့် အချက်များပါဝင်သည်ဟု သိရသည်။

တင်းမဆရာတော် ဝါယာမိန္ဒက ဒီအချက်တွေဟာ တစ်ရွာလုံးက စစ်ဘေးရှောင်တွေ လိုအပ်တာတွေ ဖြစ်တယ်။ ဒီအချက်တွေကို ပြည်နယ်ကောင်စီတို့၊ နိုင်ငံတော်ကောင်စီတို့ ဘယ်လောက် လိုက်နာဆောင်ရွက်ပေးမလဲ၊ ဘယ်လောက်စေတနာထားမလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီး တောင်းဆိုတာ။ ကိုယ်တော်ကိုယ်တိုင်ဦးဆောင်ပြီး တောင်းဆိုထားတာ။ဟုပြောသည်။

တင်းမရွာသားများ တောင်းဆိုထားခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းအား ဆက်သွယ်မေးမြန်းရာ တင်းမရွာသားများ နေရပ်ပြန်ရန် တောင်းဆိုသည်မှာ ဟုတ်မှန်ကြောင်း ပြောသည်။

နှစ်ကြိမ်ရှိပြီတောင်းဆိုတာ။ ပထမတစ်ကြိမ်က နည်းနည်းကြာပြီ။ ဒီတစ်ကြိမ်က မေလ ၁ဝ ရက် နေ့ကပါ။ ရွာကိုပြန်ချင်နေကြတာ ဟုတ်တယ်။ တစ်ဆင့်ချင်းဆောင်ရွက်သွားဖို့ရှိပါတယ်။ နေအိမ်တွေပြန်ဆောက်ပေးဖို့လိုတဲ့အတွက် လုပ်ဆောင်နေရတာတွေ ရှိတယ်ဟုပြောသည်။

တင်းမကျေးရွာ အုပ်စုတွင် အိမ်ခြေ ၈ဝဝ ကျော်ရှိပြီး လူဦးရေ ၃ဝဝဝ ခန့် နေထိုင်ခဲ့သော်လည်း

၂ဝ၂ဝ ခုနစ်မတ်လ ၁၉ ရက်နေ့က ရွာသားများ ရွာကိုစွန့်ခွာ ထွက်ပြေးခဲ့ပြီးနောက် တစ်ဦးတစ်ယောက်မှ ရွာတွင် နေထိုင်ခြင်း မရှိကြောင်း သိရသည်။

ယင်းနောက်ပိုင်းတွင် ကျေးရွာအတွင်းနေအိမ် ၁၃၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဘုန်းတော်ကြီးကျောင်း၊ သိမ်၊ ဓမ္မာရုံအပါအဝင် နေအိမ်စုစုပေါင်း ၂ဝဝ ကျော် ပျက်စီးနေကြောင်း ကျေးရွာသားများနှင့် ဒေသခံ အကြီးအကဲများ၏ ပြောပြချက်အရသိရသည်။

 

ဆက်စပ် သတင်းများ