စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

စစ်ဘေးရှောင်စခန်းများသို့ ICRC မှစားနပ်ရိက္ခာထောက်ပံ့မှု ပြည်နယ်အစိုးရကန့်သတ်၍ ယာယီရပ်နားခံထားရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 9.9k

သန္တာကျော်ဇော
နိရဥ္စရာ၊ သြဂုတ် ၁၃/၂၀၂၁
ICRC (နိုင်ငံတကာကြက်ခြေနီအဖွဲ့) မှ ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင် စခန်းအချို့ကို စားနပ် ရိက္ခာများထောက်ပံ့ပေးရာတွင် ရခိုင်ပြည်နယ်အစိုးရက ကိုဗစ်ကြောင့် အကန့်အသတ်များ ချမှတ်လိုက်သဖြင့် ထောက်ပံ့မှုများကို ယာယီ ရပ်နားထားရသည်ဟု သတင်းရရှိသည်။
တိမ်ညိုစစ်ဘေးရှောင်စခန်းကို ICRC မှလစဉ်စားနပ် ရိက္ခာထောက်ပံ့ ပေးမှုများရှိခဲ့သော်လည်း ယခုသြဂုတ်လတွင် အစိုးရကခွင့်ပြုချက်မပေးသဖြင့် ထောက်ပံ့မှုများရပ်နားထားရမည်ဖြစ်ကြောင်း ICRCမှ ဩဂုတ် ၁၂ ရက်နေ့က စခန်းတာဝန်ခံအား ဖုန်းဆက် အသိ ပေးခဲ့ကြောင်း ၎င်းစခန်း၏ တာဝန်ခံဦးဦးစိုးနိုင်မှ နိရဥ္စရာသို့ အတည်ပြု ပြောကြားခဲ့သည်။
“မနေ့ကICRCက ကျနော့်ကိုဖုန်းဆက်ပြီး စားနပ်ရိက္ခာထောက်ပံ့တာတွေ ဒီလမှာ အစိုးရ ခွင့်ပြုချက် မရတဲ့ အတွက် ရပ်နားထားရမယ်လို့ ဖုန်းဆက် ပြောလာတယ်။ ဒီမှာတော့ ဆန်နည်းနည်းနဲ့ အခြား စားနပ် ရိက္ခာတွေကတော့ ပြတ်လုနီးပါးဖြစ်နေပြီ။ ကိုဗစ်ကာလဖြစ်နေတော့ အပြင်မှာ ဟင်းတွေ ဘာတွေ သွားရှာဖို့လည်း မလွယ်ဘူးဖြစ်နေတယ်။ ကိုဗစ်နဲ့စခန်းကို လော့ဒေါင်း ချထားရတော့ ပြင်ပကလူတွေလည်းလာပြီးလည်း ရိက္ခာတွေ လာလှူခွင့် မရဖြစ်နေတယ်။ ဒီတစ်ရက် နှစ်ရက် လောက်ထဲမှာ ဆိုရင်တော့ ဆန်လည်းပြတ်တော့မယ်” ဟု ဦးစိုးနိုင်က ပြောသည်။
ကျောက်တော်မြို့နယ်ရှိ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးအောင်ကျော်ဝင်းက “စားနပ်ရိက္ခာပြတ်လပ်နေပြီး NGO အဖွဲ့အစည်း တွေကတော့ ဘဏ်အခက်အခဲတွေကြောင့် ထောက်ပံ့ငွေတွေ မရတာလည်း သုံးလနီးပါးရှိနေပါပြီ။ စားဖို့သောက်ဖို့ကို အချင်းချင်းချေးငှါးပြီး သုံးနေရတယ်။ အရမ်းကို ခက်ခဲနေတယ် စားဖို့သောက်ဖို့အတွက် အပြင် ထွက်ပြီး အလုပ်တွေ လုပ်ရလည်း အဆင်မပြေဘူး။ ကိုဗစ်ရောဂါ ကာကွယ်ရေးပစ္စည်းတွေလည်း လုံးဝနီးပါးမရှိတဲ့အတွက် အပြင်ထွက်ဖို့လည်း အန္တရာယ်များရတယ်” လို့သူကပြောသည်။
ရခိုင်က စစ်ဘေးရှောင်စခန်းအချို့ကို ICRC မှတစ်လလျှင် အိမ်ထောင်စု တစ်စုစီအတွက် ဆန် ၅၀ ကီလို တစ်အိတ်၊ လောင်စာခဲ ၅၀ ကီလိုတစ်အိတ်နှင့် အခြား ဆီ၊သကြား၊ဆား စသည့် စားနပ် ရိက္ခာများ ထောက်ပံ့ ပေးကြောင်း သိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီးဦးသန်းထွန်းက “လောလောဆယ်မှာ တားမြစ်ထားတယ်လို့တော့ မဟုတ်ဘူး။ ကိုဗစ် ရောဂါကြောင့် အန္တရာယ်ကင်းရှင်းအောင် သွားပြီးထောက်ပံ့မဲ့သူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပြီးသွား စသဖြင့်ကန့်သတ်ချက်တွေ သတ်မှတ် ပေးပြီးဆောင်ရွက်သွားမယ်။ ဒီတစ်ရက်နှစ်ရက်အတွင်းမှာတော့ အဲဒီကန့်သတ်ချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားဖို့ ရှိတယ်”ဟု သူကပြောသည်။
ရခိုင်တွင် လက်ရှိအချိန်ထိ စစ်တမ်းများအရ နေရပ်မပြန်နိုင်ဘဲ စခန်းများတွင် နေထိုင်သူ စစ်ဘေးရှောင်ပေါင်း ၆ သောင်းကျော်ရှိနေပြီး စခန်းတိုင်းနီးပါး စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံနေကြောင်းသိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ICRC သို့ ဆက်သွယ်ရာ ဆက်သွယ်မှု မရရှိခဲ့ပါ။

ဆက်စပ် သတင်းများ