ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

လက်နက်ကြီးကျည်စထိ၍ ကျောက်တော်မြို့နယ်မှ မူဆလင်အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရကြပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 1.8k

အိမ်စိုးဖြူ
နိရဉ္စရာ၊ စက်တင်ဘာ ၁၃/၂၀၂၀

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ယနေ့နံနက်က လက်နက်ကြီးကျည်စထိ၍ ကလေးနှစ်ဦး၏ မိခင်မူဆလင်အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

၎င်းတို့နှစ်ဦးမှာ ကျောက်တော်မြို့နယ် ဂုတ်ပီထောင့်ကျေးရွာမှ ကလေးနှစ်ဦးမိခင် ဒေါ်နုရဟာဂျာရာ (၃၀) နှစ်နှင့် မာမတ်ဆူလ်တန် (၂၂) နှစ်တို့ ဖြစ်ကြသည်။

ဒဏ်ရာရရှိခဲ့သူ မာမတ်ဆူလ်တန်က “ လက်နက်ကြီးတွေနဲ့ နေဗီက ပစ်ပြီးသွားတာမှာ ထိတာပါ။ မနက်  ၄နာရီ မိနစ် ၄၀ လောက်က ဖြစ်တာပါ။ ပစ်တဲ့ နေဗီဘယ်နှစ်စီးလည်းဆိုတာ ထွက်မကြည့်ရဲဘူး။ နေဗီက ကျောက်တော်ဘက်ကနေ ကုလားတန်မြစ်အတိုင်း အောက်ဘက်ကို ဆင်းတာပါ။ လက်နက်ကြီးကျည်က အိမ်ခေါင်မိုးပေါ်ကနေ ဖောက်ပြီး ကျလာတဲ့ အတွက် ကျနော်ကို လာထိပါတယ်။ နောက်အိမ်တစ်အိမ်ကလည်း ကလေးနှစ်ဦးရဲ့ မိခင် တစ်ဦး ဒဏ်ရာရပါတယ်။ အခု သားဖွားဆရာမဆီမှာ ကုသမှုခံယူနေပါတယ်။ သူက ဆေးထည့်ပေးပါတယ်”ဟု ပြောသည်။

လက်နက်ကြီးကျည်စသည် ဒေါ်နုရဟာဂျာရာတွင် ညာဘက်လက်ခုံ၊ ခြေသလုံး၊ ကျောကုန်းတို့တွင် ဒဏ်ရာရရှိခဲ့ပြီး မာမတ်ဆူလ်တန်တွင် ညာဘက်ခြေခုံ၊ညာဘက်လက်ဖမိုးတို့တွင် ဒဏ်ရာ ရရှိခဲ့ပြီး အပေါက်၀ တိုက်နယ်ဆေးရုံသို့ သွားရန် စီစဉ်နေကြောင်း ၎င်းက ပြောဆိုသည်။

အမည်အဖော်လိုသူ  ရခိုင်အမျိုးသားတစ်ဦးက “ အခု ကျည်ထိမှန်ခဲ့တဲ့ ဂုတ်ပီထောင့် မူဆလင်ရွာက ကျွန်တော်တို့ ရခိုင်ဂုတ်ပီထောင့်နဲ့ တစ်ဆက်တည်းပါ။ နေဗီက မနက်အစောကြီး မြစ်ထဲခုတ်မောင်းရင် လမ်းတစ်လျှောက် ပစ်ခတ်သွားတာပါ။ မသင်္ကာတဲ့နေရာတွေကို နေဗီခုတ်မောင်းတိုင်း ခုလိုမျိုးပစ်ခတ်လေ့ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင် သွားကြည့်ခဲ့တယ်။ နှစ်ယောက်ဒဏ်ရာရပါတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး”  ဟု ပြောသည်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက “  နေဗီကပစ်လို့ ဂုတ်ပီထောင့်ရွာက မူဆလင်နှစ်ယောက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ သတင်းကြားရပါတယ်။ ရွာသားတွေက ဆက်သွယ် ပြောလာတာတွေရှိတယ်။ ကာယကံရှင်တွေနဲ့တော့ အဆက်အသွယ်တော့ မရသေးဘူး” ဟု ပြောကြားသည်။

ဒေသခံများက နေဗီက ပစ်ခတ်၍ ရွာသားများ ဒဏ်ရာရရှိကြောင်း ပြောကြားသဖြင့် အစိုးရဘက်မှ တုံ့ပြန်မှုကို သိရှိလိုသဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးမင်းသန်းနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့အား ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

ဆက်စပ် သတင်းများ