စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ်မှ ရွာသား၆၀ကျော် တပ်မတော်စစ်ကြောင်းတစ်ခု၏တစ်ရက်ကြာထိန်းသိမ်းခံရပြီးနောက်ပြန်လွတ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.8k

ဆောင်းဇာခြည်
နိရဉ္စရာ၊ အောက်တိုဘာ ၁၈/၂၀၂၀

ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာမှ ရွာသား ၆၀ ကျော်သည် တပ်မတော်စစ်ကြောင်းတစ်ခု၏ တစ်ရက်ကြာထိန်းသိမ်းမှုကို ခံခဲ့ကြရပြီး ယနေ့နံနက် ပြန်လွတ်လာကြသည်ဟု သတင်းရရှိသည်။

အင်အား ၁၀၀ ခန့်ရှိသည့် တပ်မတော် စစ်ကြောင်း တစ်ခုသည် အောက်တိုဘာ ၁၇ ရက် နံနက် ၆ နာရီအချိန်က ရုပ်ချောင်းကျေးရွာထဲကို သေနတ်ပစ်ဖောက် ဝင်ရောက်လာပြီး ၎င်းတို့ဝင်လာရာ လမ်းတစ်လျှောက်မှ ကျေးရွာသားများအား ဖမ်းဆီး၍ ရွာရှိစာသင်ကျောင်းတွင် စုထားကာ စစ်ဆေးခဲ့သည်ဟု ဖမ်းဆီးထိန်းသိမ်းခံခဲ့ရာတွင် ပါဝင်ခဲ့သည့် ရွာသားတစ်ဦးဖြစ်သူ ဦးမောင်သန်းနုက ပြောသည်။

“ ဖမ်းဆီးထိန်းသိမ်းခံရတာ စုစုပေါင်း အမျိုးသမီး၊ အမျိုးသား၊ မိဖတွေနဲ့ အတူပါသွားတဲ့ ကလေးတွေ အကုန်လုံးပေါင်းရင် လူပေါင်း ၁၂၀ လောက်ရှိတယ်။ စာသင်ကျောင်းမှာ စုထားပြီး လက်ကိုင်ဖုန်းတွေကို စစ်ဆေးပါတယ်။ မနေ့က နေ့လယ် ၁ နာရီလောက်မှာ အမျိုးသမီးတွေနဲ့ သူတို့နဲ့ အတူပါသွားတဲ့ ကလေးတွေကို ပြန်လွှတ်ပေးပြီး အုပ်ချုပ်ရေးမှူး အပါအဝင် ရွာသား ၆၃ ကို ဆက်လက် ဖမ်းဆီးထိန်းသိမ်ထားခဲ့ပါတယ်။ ဒီနေ့ မနက်၉ နာရီလောက်မှာ ပြန်လွှတ်ပေးလိုက်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ရွာသားများကို စစ်ဆေးစဉ်အတွင်း  AA နှင့် ပတ်သက်ပြီး အဓိက မေးမြန်းစစ်ဆေးသည်ဟု ဆိုသည်။

“ အဓိက မေးတာက ရွာထဲမှာ အေအေတွေရှိလား။ အဓိက ဒါတွေကိုဘဲ ထပ်ကာ ထပ်ကာ မေးတယ်။ ဖမ်းဆီးထားချိန်မှာတော့ ကြိုးနဲ့ ချည်တာ၊ ရိုက်တာပုတ်တာတွေတော့ မရှိဘူး။ အဖမ်းခံရတဲ့ အထဲမှာ အသက် ၁၈ နှစ်ကနေ ၇၀ ကျော်ထိ ရွာသားတွေ ပါပါတယ်။ ဒီအတိုင်းစုပြီးထားပါတယ်။ ထမင်းက မနက်ပိုင်း မိန်းမတွေလာပို့လို့စားရတယ်။ ညနေပိုင်း လာမပို့ရဲကြတော့ ထမင်းတစ်နပ်ငတ်ခဲ့ရပါတယ်” ဟု ဦးမောင်သန်းနုက ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူများအထဲမှ တစ်ဦးဖြစ်သူ ဦးကျော်မြင့်က  “ သူတို့က အေအေကို ရွာကနေ ငွေထောက်ပံ့လား။ ရွာသားတွေနဲ့ အေအေနဲ့ ပတ်သက်မှုရှိလား။ ကျွန်တော်တို့က မကောက်ဘူး။ ပတ်သက်မှုလည်း မရှိဘူးလို့ ဖြေတယ်။ သူတို့ဒီနေ့ ရွာက မထွက်ခင်မှာ ကျွန်တော်တို့ကို လွှတ်ပေးခဲ့တယ်။ အရမ်းကြောက်လန့် စိုးရိမ်ခဲ့ရပါတယ်”  ဟု ပြောသည်။

၎င်းတပ်မတော်စစ်ကြောင်းမှာ စက်လှေများဖြင့် တစ်အုပ်စု၊ ခြေလျင်တစ်အုပ်စု၊ အုပ်စု နှစ်အုပ်စုခွဲကာ ယနေ့ နံနက် ၉ နာရီကျော်က ထွက်ခွာသွားခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

ဖမ်းဆီးခံခဲ့ရရာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကျန်ထွန်းလည်း ပါဝင်သဖြင့် ဖုန်းဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက “ မနေ့ကတည်းက ရုပ်ချောင်းရွာသားတွေကို စုပြီး တစ်နေရာမှာစစ်ဆေးနေတယ်ဆိုတာကို သတင်းရတယ်။ တစ်ညအိပ်ပြီး  ဒီနေ့ မနက်မှာတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ သတင်းရပါတယ် “ ဟု ပြောကြားသည်။

ရုပ်ချောင်းကျေးရွာသည် အိမ်ခြေ ၂၅၀ ကျော်နှင့် လူဦးရေ ၁၃၀၀ ကျော်ရှိပြီး ရွာသားအများစုမှာ ကြောက်လန့်ပြီး အိမ်ထဲတွင် ပုန်းအောင်းနေခဲ့သလို နောက်ထပ် ရွာသားများမှာလည်း ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ ကျောက်တော်မြို့ဘက်သို့ ထွက်ပြေးသွားခဲ့ကြသည်ဟု ကျေးရွာသားများက ပြောကြားသည်။

ဆက်စပ် သတင်းများ