သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့နယ် ရေဖြူကန်စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာများ ပြတ်လပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 7.5k

ဇော်ဝင်းဌေး(ငခူချောင်း)
နိရဥ္စရာ၊ ဇန်နဝါရီ ၂၃ / ၂၀၂၁

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ရေဖြူကန်စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာများ ပြတ်လပ်နေသောကြောင့် အရေးပေါ်အကူညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများက နိရဥ္စရာသို့ပြောသည်။

“ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကနေ အရင်ဒီဇင်ဘာလတုန်းက ဆန်အိတ် ၃၀၂ အိတ်ထောက်ပ့ံခဲ့တယ်။ ခုလတော့ ဆန်ထောက်ပ့ံတွေမရောက်သေးဘူး။ လက်ရှိလိုအပ်နေတာကကျတော့ ဆန်၊ ငပိ၊ ငရုတ်၊ ဆပ်ပြာတွေ အရေးပေါ်လိုအပ်နေပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းကတော့ အဆင်ပြေပါတယ်” ဟု ရေဖြူကန်စစ်ဘေးရှောင်စခန်းကော်မတီဝင် ဦးမောင်အေးရွှေက ပြောသည်။

အဆိုပါစစ်ဘေးရှောင်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကမ႓ာ့စားနပ်ရိက္ခာအဖွဲ့ (WFP)တို့က ကူညီထောက်ပ့ံပေးနေခြင်းဖြစ်သော်လည်း ယခုလအတွင်းတွင် လူ/ကယ်/ပြန်ဌာနက ဆန်များထောက်ပံ့ပေးမှုမရှိသေးသည့်အတွက် ယခုကဲ့သို့ စားနပ်ရိက္ခာများပြတ်လပ်နေခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ ့လွှတ်တော်ကိုယ်စားလှယ်ဦးဦးထွန်းမောင်ကလည်း အဆိုပါစစ်ဘေးရှောင်စခန်းတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးက ယခုလတွင် ဆန်ထောက်ပံ့မှုများ နောက်ကျနေသည့် အကြောင်းရင်းကို မသိရှိသေးကြောင်း ပြောသည်။
“ လောလောဆယ်တော့ မသိရသေးဘူး။ ထောက်ပံ့မှုက မရောက်သေးတာပဲ ထင်ပါတယ်။ စစ်ဘေးရှောင်စခန်းတွေကို သတ်မှတ်ထားတဲ့ အချိန်အတွင်း လာရောက်ပံ့ပို့ ပေးစေချင်ပါတယ်။ စစ်ဘေးရှောင်တွေက ထောက်ပ့ံမှုပေါ်မှာ မှီခိုနေတဲ့အတွက် ပံ့ပိုးပေးမှုတွေက အရေးကြီးပါတယ်” ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီးဦးဝင်းမြင့်အားဆက်သွယ်ရာ ဘေး/စီမံကိုဆက်သွယ်မေးမြန်းပါဟု ပြောသည်။

ဆက်လက်၍ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဇော်ဌေးကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

ပုဏ္ဏားကျွန်းမြို့နယ် ရေဖြူကန်စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စုပေါင်း ၂၂၁ စုရှိပြီး အမျိုးသား ၄၁၈ ဦးနှင့် အမျိုးသမီး ၄၇၃ ဦးရှိသည်ဟု သိရသည်။

အဆိုပါစစ်ဘေးရှောင်စခန်းသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တည်ဆောက်ပေးထားသည့်စစ်ဘေးရှောင်စခန်းများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ် သာစည်၊ လက်ဝဲစာတိုက်၊ နတ်တောင်၊ ကမ်းထောင်းကြီး၊ ဖက်ကျ၊ ဒိုးတန်းနှင့် ကြာညိုကန်စသည့် ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ ဧပြီလအစောပိုင်းမှစတင်ကာ ဝင်ရောက်နေထိုင်နေကြခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ပွဲများရပ်တန့်ငြိမ်သက်နေသည့်အတွက် အိမ်ထောင်စု ၃ စုခန့် နေရပ်သို့ ပြန်သွားကြပြီး စစ်ပွဲပြန်ဖြစ်လာမည်ကို စိုးရိမ်သဖြင့် အိမ်မပြန်ဝ့့ံကြသည့်စစ်ဘေးရှောင်များလည်းရှိသည်ဟု အဆိုပါစစ်ဘေးရှောင်စခန်းကော်မတီဝင် ဦးမောင်အေးရွှေက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ စစ်ပွဲများကြောင့် မိမိနေရပ်မှ စွန် ့ခွာနေသော စုစုပေါင်း စစ်ဘေးရှောင် ဦးရေသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအထိ ၁၉၄၀၉၄ ဦးရှိကာ စစ်ပွဲများရပ်တန် ့နေသည့်အတွက် စစ်ဘေးရှောင် ၁ သောင်းခန် ့ အိမ်ပြန်သွားကြသည့်အတွက် ကျန်ရှိသောစစ်ဘေးရှောင်ဦးရေမှာ ၁၈၅၆၃၁ ဦးရှိသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ ဇန်နဝါရီလ(၁၂)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ် သတင်းများ