သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

တင်းမကျေးရွာမှ မီးလောင်ပျက်စီးသွားသည့်နေအိမ်များနှင့်ဘုန်းကြီးကျောင်းအား ပြန်လည်ပြုပြင်ပေးရန် ပြည်နယ်ပစကကောင်စီထံ တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 7.8k

ဆောင်းဇာခြည်

နိရဉ္စရာ၊ ဧပြီ ၂၉/ ၂၀၂၁

 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအတွင်း မီးလောင်ပျက်စီးသွားသည့် နေအိမ်များနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် ဘုန်းကြီးကျောင်း၊ သိမ်တော်များအား ပြန်လည်ပြုပြင်ပေးရန် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီထံ တင်ပြတောင်းဆိုထားကြောင်း သိရသည်။

 

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် ဘုန်းတော်ကြီးကျောင်း၊ သိမ်၊ ဓမ္မာရုံ၊ စေတီပုထိုးများနှင့် လူနေအိမ်များကို ပြန်လည်ပြုပြင်ပေးရန်နှင့် ကျေးရွာသားများ မိမိနေအိမ်တွင် အေးချမ်းစွာ ပြန်လည်နေထိုင်နိုင်ရန်တို့ အတွက် ရခိုင်ပြည်နယ်စီမံအုပ်ရေးကောင်စီထံ ဧပြီ ၂၆ ရက်နေ့က တင်ပြတောင်းဆိုထားကြောင်း တင်းမဆရာတော် ဦးဝါယမိန္ဒက မိန့်သည်။

 

ဘုန်းကြီးကျောင်းမှာ လက်နက်ကြီးတွေကျပြီး အကုန်ပျက်စီးနေတယ်။ တခြား သိမ်တွေ၊ ဓမ္မာရုံတွေ၊ စေတီပုထိုးတွေ အကုန်ပျက်စီးနေပါတယ်။ စစ်သားတွေက စပါးကျီတွေကိုလည်း ဖောက်ခဲ့ပါတယ်။ ဦးဇင်းရဲ့ ကျောင်းမှာလည်း သူတို့ဖောက်ထွင်းပစ်ခဲ့တာ အကုန်လုံး ရှုပ်ပွကျန်ခဲ့ပါတယ်။ အခု အဲဒီပျက်စီးနေတာတွေကို ပြန်ပြင်ပေးဖို့ ရွာသားတွေရဲ့ လိုအပ်ချက်အရ ဦးဇင်းက ဦးဆောင်ပြီးတော့ ကောင်စီထံကို တောင်းဆိုတာပါဟု မိန့်ကြားသည်။

 

တင်းမကျေးရွာတွင် နေအိမ်များမီးလောင်ပျက်စီးသွားသည့်အတွက် ရွာသားများအနေဖြင့် ကျေးရွာအား စွန့်ခွာသွားသည်မှာ ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းမှဖြစ်ပြီး လက်ရှိ ကျေးရွာ၏ အခြေနေအား သိလို၍ ဧပြီ ၂၃ ရက်နေ့က ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းနှင့် တင်းမကျေးရွာမှ ရပ်လူကြီးများက သွားရောက် စာရင်းကောက်ယူခဲ့ကြကြောင်း သိရသည်။

 

ထိုသို့ စာရင်းကောက်ယူခဲ့ရာတွင် ကျေးရွာအတွင်း မီးလောင်ပျက်စီးသွားသည့် နေအိမ် ၁၃၂ လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့်နေအိမ် ၉၃ လုံးရှိပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းတော်ကြီးကျောင်း၊ စေတီပုထိုး၊ သိမ်၊ ဓမ္မာရုံများမှာလည်း ပျက်စီးလျှက်ရှိကြောင်း တင်းမဆရာတော်ကြီးက မိန့်ကြားသည်။

 

 ဦးဇင်းက ပြည်နယ်ကောင်စီထံကို အချက် ချက်နဲ့ တောင်းဆိုခဲ့ပါတယ်။ တင်းမရွာနဲ့ တင်းမသစ်ရွာက ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ရွာသား ၁၈ ယောက်ကို တပ်မ ၅၅ က ဖမ်းဆီးခေါ်ဆောင်သွားခြင်းအပေါ် ထိရောက်စွာ စုံစမ်းပေးပြီး အဲဒီကျူးလွန်သူတွေကို အရေးယူပေးဖို့ရယ်၊ ကျေးရွာအနီးတဝိုက် မိုင်းရှင်းပေးဖို့ရယ်၊ ရွာသားတွေ ရွာမှာ အေးချမ်းစွာ နေရဖို့ရယ်၊ ခုနကပြောတဲ့ ပျက်စီးသွားတာတွေကို ပြန်ပြင်ပေးဖို့ရယ်တွေ ပါပါတယ်ဟု ဆရာတော်က မိန့်ကြားသည်။

 

ဧပြီ ၂၃ ရက်နေ့က ကျေးရွာသားများနှင့် အတူ တင်းမရွာသို့ သွားရောက်ကြည့်ရှုခဲ့သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းဝင်းက ကျွန်တော်တို့ကတော့ အဲဒီနေ့ တင်းမရွာကို ရောက်တဲ့အခါ  တင်းမနားမှာချထားတဲ့တပ်ကပေါ့ သုံးပွင့်နဲ့ဗိုလ်ကြီးတစ်ယောက်က သူ့ တပ်သား ၁ဝ လောက်ရှိမယ်ပေါ့ အဲဒါနဲ့လာစောင့်ပေးတယ်ပေါ့လေ။ လာစောင့်ပေးတယ်ဆိုတာက သူတို့လမ်းကြောင်းချပေးတဲ့ အတိုင်းကျွန်တော်တို့သွားရတယ်ပေါ့။ ဆိုလိုတာကတော့ မိုင်းအန္တရာယ်တွေ စိုးရိမ်ရတယ်အတွက်နဲ့သူတို့မသွားစေချင်တဲ့ ဘက်တွေကိုတော့ မသွားနဲ့ပေါ့လေ။ သူတို့က အန္တရာယ်ရှိတယ်ဆိုတဲ့ ဘက်တွေကိုတော့ ကျွန်တော်တို့ မသွားဘူးပေါ့။ မြင်ရသလောက် ကျွန်တော်တို့ လိုက်ရေတဲ့အခါမှာ ကျွန်တော်တို့ ကျန်ခဲ့တာတွေလည်းရှိမယ်ပေါ့။ ကျွန်တော်တို့ အကုန်လုံး အိမ်ခြေကတော့ ၂ဝဝ ကျော်လောက်အပျက်အစီးစာရင်းကတော့ ရတယ်ပေါ့။ မီးလောင်သွားပြီး လုံးဝကို ပြာကျသွားတဲ့ အိမ်ခြေ ၂ဝဝ ကျော်လောက်ကို ကျွန်တော်တို့ စာရင်းရခဲ့တယ်  ဟု ပြောဆိုသည်။

 

တင်းမကျေးရွာ၏ အရှေ့ဘက် ဖာလုံခန့်အကွာတွင်ရှိသည့် တောင်ရှည်တောင်တွင် တပ်မ ၅၅ လက်အောက်ခံစစ်ကြောင်း တစ်ခု အတည်ချနေထိုင်လျှက်ရှိသည့်အတွက် ရွာသားများအနေဖြင့် ရွာ၌ မနေရဲကြကြောင်း ကျေးရွာသားများ ပြောပြချက်အရ သိရသည်။

ဆက်စပ် သတင်းများ