သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

တင်းမကျေးရွာလူကြီးများကို မြို့နယ်အဆင့်အာဏာပိုင်များက ခေါ်ယူ တွေ့ဆုံရာတွင် နေရပ်ပြန်နိုင်ရေးအတွက် အောက်တိုဘာလကို နောက်ဆုံထားပြီးမိုင်းရှင်းလင်းပေးရန်တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 2.7k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇွန် ၂၄/ ၂၀၂၁
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ လူကြီး ၅ ဦးကို မြို့နယ်အဆင့် အာဏာပိုင်များက ယနေ့ ခေါ်ယူတွေ့ဆုံရာတွင် ကျေးရွာလူကြီးများက ကျေးရွာအနီးအနားရှိ မြေမြုပ်မိုင်းများအပါအဝင် စစ်လက်နက် အကြွင်းအကျန်ပစ္စည်းများကို လာမည့်အောက်တိုဘာလကို နောက်ဆုံးထား ပြီး ရှင်းလင်းပေးရန် တောင်းဆိုခဲ့ကြသည်ဟု သတင်းရရှိသည်။
ယနေ့ ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းက တင်းမကျေးရွာမှ အုပ်ချုပ်ရေးမှူးအပါအဝင် ရပ်မိရပ်ဘ ၅ ဦးကို ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး၊ လဝကဦးစီးမှူး၊ ရဲအရာရှိနှင့် စစ်အရာရှိတစ်ဦးတို့ ပါဝင်သော အဖွဲ့က ကျောက်တော်မြို့ရှိ ထွေ/အုပ်ရုံးတွင် ခေါ်ယူတွေ့ဆုံစဉ် ထိုသို့တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ဝန်းက ပြောသည်။
“ကျွန်တော်တို့က အရင်ကတည်းက အချက် ၅ ချက်ကို တောင်းဆိုထားခဲ့တယ်ပေါ့။ အဲဒါကို သူတို့က ဒီလောက်ထိ မလုပ်ပေးနိုင်ဘူးပေါ့နော်။ သူတို့လုပ်ပေးနိုင်တာက အိမ်ပြန်မယ်ဆိုရင် အိမ်ထောင်စုအလိုက် ငွေ ငါးသိန်းထောက်ပံ့မယ်လို့ ပြောတယ်။ ဆိုတော့ ကျွန်တော်တို့က အခုပြန်လို့ မရသေးဘူး။ ဘာလို့လဲဆိုတော့ မိုင်းမရှင်း ပေးသေးဘူးလို့ ပြောပါတယ်။ မိုင်းရှင်းပေးပြီးမှ နေရပ်ပြန်ရမယ်လို့ ပြောပါတယ်။ ဘယ်အချိန်လောက်ကို မိုင်းရှင်းပေးမယ်လို့တော့ သူတို့က မပြောခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ရွာသားတွေအနေနဲ့ အောက်တိုဘာလကို အိမ်ပြန်နိုင်အောင် မိုင်းရှင်းလင်းရေးလုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်” ဟု ပြောသည်။
ထိုကဲ့သို့ တင်းမရွာသားများ တောင်းဆိုခဲ့မှုအပေါ် မြို့နယ် အာဏာပိုင်းများက တစ်ဆင့်ချင်း လုပ်ဆောင် ပေးသွားမည်ဟု ပြောဆိုခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“သူတို့ဘက်က ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ လဝကဦးစီးမှူး၊ ရဲအရာရှိတွေ၊ စစ်အရာရှိ တစ်ယောက်တို့ရယ် ပါပါတယ်။ ကျွန်တော်တို့ကို ဒီကိစ္စကို ဆွေးနွေးရအောင်ဆိုပြီးတော့ သူတို့ဘက်ကပဲ ခေါ်ခဲ့တာပါ။ သူတို့ခေါ်လို့ ကျွန်တော်တို့က သွားခဲ့တာပေါ့” ဟု ၄င်းက ဆက်ပြောသည်။
ယခုအချိန်မှာ မိုးရာသီကာလရောက်နေပြီဖြစ်၍ ကျေးရွာသားများအနေဖြင့် လက်ရှိအချိန်တွင် လယ်ယာ ထွန်ယက် စိုက်ပျိုးရန် အဆင်မပြေတော့သည့် အတွက် လာမည့် အောက်တိုဘာလအတွင်း၌သာ နေရပ်ပြန်နိုင်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု တင်းမကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမောင်ထွန်းညွန့်ကလည်း ပြောဆိုသည်။
“သူတို့က ရွာကိုပြန်ကြမလားမေးတယ်။ ကျွန်တော်တို့က မိုင်းရှင်းပေးရင် ပြန်မယ်ဆိုတော့ ဘယ်အချိန်လောက် ပြန်မလဲမေးတယ်ပေါ့။ ကျွန်တော်တို့ကလည်း အခုက မိုးတွင်းကိုရောက်သွားပြီဆိုတော့ လုပ်ကိုင်စားသောက်ဖို့ လယ်ယာထွန်ဖို့လည်း အချိန်မရှိတော့ဘူးပေါ့။ အဲဒါကြောင့် ဆယ်လပိုင်းလောက် (အောက်တိုဘာလ) ပြန်မယ်လို့ ပြောခဲ့ပါတယ်” ဟု ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ အဖွဲ့ဝင် ဦးသန်းထွန်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ၄င်းအနေဖြင့် ထိုကိစ္စအား နောက်မှ အသေးစိတ်ပြောပြမည်ဖြစ်၍ ယခုမဖြေလိုသေးကြောင်း ပြောသည်။
တင်းမကျေးရွာသားများသည် ရွာသားများနေရပ်ပြန်နိုင်ရေး အပါအဝင် တင်းမရွာတွင် မီးလောင်မှု၊ ရွာသား ၁၈ ဦးပျောက်ဆုံးနေမှုနှင့် ပတ်သက်ပြီး အချက် (၅) ချက်ကို ဧပြီ ၂၆ ရက်နေ့က ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ထံ စာရေးသား တောင်းဆိုခဲ့ကြောင်း သိရသည်။
၎င်းအချက် ၅ ချက်မှာ ကျေးရွာအတွင်း/ပြင် အနီးဝန်းကျင်ရှိ လယ်မြေ၊ ယာမြေ၊ တောတောင်များအား မိုင်းနှင့်အခြား စစ်လက်နက်ကျန်ပစ္စည်းများအား ရှင်းလင်းပေးပါရန်၊ ကျေးရွာအတွင်း လုံးဝပျက်/တစ်စိတ်တစ်ပိုင်း ပျက်စီးနေသော နေအိမ်များအား ပြန်လည်ဆောက်လုပ်ပြုပြင်ပေးရန်နှင့် လတ်တလောလိုအပ်နေသော စားနပ်ရိက္ခာများအား ထောက်ပံ့ပေးပါရန်၊ ကျေးရွာသူ/သားများ ပြန်လည်ထူထောင်နိုင်ရေးအတွက် လိုအပ်နေသော အထောက်အပံ့များအား ပြည့်ပြည့်ဝဝ ဆောင်ရွက်ပေးပါရန်၊ (၁၆-၃-၂၀၂၀) ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသော တင်းမကျေးရွာသား (၁၀) ယောက်နှင့် တင်းမသစ်ကျေးရွာသား (၈) ယောက်တို့အား တပ်မတော် တပ်မ (၅၅) မှ ဖမ်းဆီးခေါ်သွားခြင်းအပေါ် ထိရောက်သော စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး ကျူးလွန်သူများအား မြန်မာနိုင်ငံတော်၏ တရားဥပဒေအတိုင်း ထိထိ ရောက်ရောက်အရေးယူပေးပါရန်၊ ကျေးရွာသူ/သားများ၏ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ ပြဿနာများ မဖြစ်ပေါ်စေရန်အတွက် တင်းမကျေးရွာအရှေ့ဘက်တောင်ရှည်တောင်ပေါ်မှ တပ်စခန်းအား တင်းမ ကျေးရွာမှ (၇) ဖာလုံအကွာအဝေးတွင်သာ နေထိုင်ပြီး ကျေးရွာသူ/သားများအား တစ်စုံတစ်ရာ အနှောင့်အယှက် မပေးစေလိုကြောင်းနှင့် အနှောင့်အယှက်တစ်စုံတစ်ရာပေးလာခဲ့ပါက ပြည်နယ်စီမံခန့်ခွဲရေး ကောင်စီနှင့် နိုင်ငံတော်စီမံခန့်ခွဲမှုကောင်စီအဖွဲ့အနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားကာကွယ်ရန် အလို့ငှာ နှောင့်ယှက် ဖျက်ဆီးမှု ကျူးလွန်သူများအား ထိထိရောက်ရောက်အရေးယူမှုများ ပြုလုပ်ပေးပါရန် တို့ဖြစ်သည်။
တင်းမကျေးရွာတွင် အိမ်ခြေ ၇၀၀ ကျော်ရှိပြီး ယင်းအထဲမှ ၂၀၂၀ မတ်လအတွင်းက နေအိမ် ၁၃၂ လုံး မီးရှို့ခံခဲ့ရပြီး နေအိမ် ၉၃လုံးနှင့် ဘုန်းတော်ကြီးကျောင်း၊ စေတီပုထိုး၊ သိမ်၊ ဓမ္မာရုံများမှာလည်း တစ်ပိုင်းတစ်စ ပျက်စီးသွားခဲ့ကြောင်း ကျေးရွာလူကြီးများ ပြောကြားသည်။
တင်းမကျေးရွာတွင် နေအိမ်များမီးရှို့ခံခဲ့ရပြီးနောက် ရွာသားများအနေဖြင့် ကျေးရွာအား စွန့်ခွာလာခဲ့ကြသည်မှာ ယခုဆိုလျှင် တစ်နှစ်ကျော်သွားပြီဟု သိရသည်။
ဓါတ်ပုံ-တင်းမဆရာတော်

ဆက်စပ် သတင်းများ