ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ပလက်ဝတွင် မိုင်းပေါက်မှုကြောင့် ခြေထောက်ပြတ်ထွက်သွားသည့်အမျိုးသမီးအား မြောက်ဦးဆေးရုံသို့ပို့ဆောင်ထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 7.3k

ထက်အောင်
နိရဥ္စရာ၊ ဇွန် ၁၇/ ၂၀၂၁
ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ အောက်သံထောင်ကျေးရွာအနီးတွင် ယမန်နေ့ဖြစ်ပွားခဲ့သည့်မိုင်းပေါက်ကွဲမှုကြောင့် ခြေထောက်တစ်ဘက်ပြတ်ထွက်သွားသည့်အမျိုးသမီးကို ရခိုင်ပြည်နယ် မြောက်ဦးဆေးရုံသို့ ပို့ဆောင်ထားရသည်ဟု သိရသည်။
မိုင်းနင်းမိ၍ ခြေထောက်တစ်ဘက်ပြတ်ထွက်သွားသည့်အမျိုးသမီးမှာ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ အောက်သံထောင်ကျေးရွာမှ အသက် (၅၄) နှစ်ခန့်အရွယ် ဒေါ်ဆိပ်ဟော်ဖြစ်သည်။
သူမသည် ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က လေးမြို့မြစ် အရှေ့ဘက်ကမ်း သူမကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ တောင်ကုန်းပေါ်တွင် မြေးတစ်ဦးနှင့် တောင်ယာလုပ်ငန်းလုပ်နေစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်ကြောင့် သူမ၏ ညာခြေတစ်ဘက်မှာ ပေါက်ကွဲမှုဖြစ်သည့်နေရာတွင်ပင် လုံးဝပြတ်ထွက်သွားပြီး ဘယ်ခြေတွင်လည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့သည်။ ယင်းအပြင် ဘယ်ဘက်လက်မှ လက်ချောင်း (၃) ချောင်း၏ လက်သည်း ထိပ်ဖျားပိုင်းများလည်း ပြတ်ထွက်သွားခဲ့သည့်အတွက် ယင်းနေ့မှာပင် မြောက်ဦးဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း မိသားစုဝင်များက ပြောသည်။
ဒေါ်ဆိပ်ဟော်၏ မိသားစုဝင်တစ်ဦးဖြစ်သူ ဦးအောင်သန်းက “ညာဖက်ပြတ်သွားတဲ့ ခြေထောက်ကိုတော့ ဖြတ်လိုက်ရတယ်လို့ ပြောတယ်။ ဘယ်ဘက် ခြေထောက်ကိုတော့ အရိုးဆက်လို့ရမလားဆိုတာ ဆရာဝန်က စောင့်ကြည့်နေတယ်လို့ကြားပါတယ်။ ဒဏ်ရာက ပြင်းထန်တော့ မသက်သာသေးဘူးဆိုပေမဲ့ ဆေးကုသမှုတွေခံယူထားလို့ အတိုင်းအတာတစ်ခုထိတေ့ သက်သာနေပြီလို့ သိရပါတယ်။ ဒီလိုမျိုး မိုင်းပေါက်ကွဲလို့ ကိုယ့်ရဲ့မိသားစုဝင်တစ်ဦး အသက်မသေဆုံးတာပဲရှိတယ်။ ခြေလက်တွေပြတ်သွားတဲ့အပေါ်မှာတော့ စိတ်မကောင်း ဖြစ်ရပါတယ်။” ဟု ပြောပြသည်။
ဒေါ်ဆိပ်ဟော်တွင် ခင်ပွန်းဖြစ်သူနှင့် သားတစ်ဦးရှိပြီး ၎င်းတို့မိသားစုသည် တောင်ယာလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြကြောင်း သိရသည်။
ပလက်ဝမြို့နယ်အတွင်း ပြီးခဲ့သည့် နှစ်များနှင့် ယခုနှစ်အတွင်း မိုင်းပေါက်ကွဲမှုများကို ခပ်စိပ်စိပ်ကြားရပြီး မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရသူများလည်းရှိသည်။ ထိုအထဲတွင် တောင်ယာများ၌ မျှစ်ချိုးရန်သွားစဉ် မိုင်းနင်းမိသည့် ဖြစ်စဉ်များလည်း ရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ