ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေးဖောင်းဒေရှင်းစာပေဆု စာပေသမားနှစ်ဦးကိုချီးမြှင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 4.3k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဉ္စရာ၊ မေ ၁၀ / ၂၀၂၁

ခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ရခိုင်စာရေးဆရာနှစ်ဦးကို မေလ ၉ ရက်နေ့က စာပေဆုများချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

၎င်းဆုများကို ပေါက်တောမြို့တွင် အခမ်းအနားဖြင့် ပေးအပ်ချီးမြှင်ခဲ့ကြောင်း၊ ယခုဆုချီးမြှင့်ခြင်းမှာ ၎င်းအဖွဲ့၏ ဒုတိယအကြိမ်မြောက် ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

ကဗျာဆုဖြင့် ကိုယ်တော်ရိုးနွယ် (ကျောက်ဖြူ) နှင့်  ဆောင်းပါးဆုဖြင့် ဆရာမောင်မြင့်(တိုင်လေ) တို့ကို ချီးမြှင့်ခဲ့သည်။

ကဗျာဆုရှင် ကိုယ်တော်ရိုးနွယ် (ကျောက်ဖြူ) က  ကိုယ့်မှန်းထားတဲ့ အတိုင်း ကဗျာဆုကို ရရှိတဲ့အတွက် အလွန်ဝမ်းသာမိပါတယ်။ ကိုယ်ရေးတဲ့ကဗျာ ဆုရရှိတော့ ပန်းတိုင်တစ်ခုကို ရောက်သလိုခံစားရပါတယ်။ ဒီဆုကို ရရှိဖို့အတွက် ဒီကဗျာကို နှစ်လလောက်အချိန်ပေးခဲ့ရတယ်" ဟု ပြောသည်။

ယခု ဒုတိယအကြိမ် စာပေဆုချီးမြှင့်ရာတွင် ပါဝင်ရေးသားယှဉ်ပြိုင်ကြသူများအထဲက ကဗျာနှင့် ဆောင်းပါးကို ဆုချီးမြှင့်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စာပေဆုချီးမြှင့်ပွဲအခမ်းအနားကို ပေါက်တောမြို့၊ မြို့နယ်ခမ်းမတွင် မေလ ၉ ရက်နေ့က ကျင်းပခဲ့ပြီး ပေါက်တောမြို့ ဒေသခံများက တက်ရောက်လာသူများကို ရခိုင်ရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ အခမ်းအနားသို့ လူပေါင်း ၂၀၀ ခန့် တက်ရောက်အားပေးခဲ့ကြသည်။

ရခိုင်စာပေဖွံ့ဖြိုးတိုးတက်ရေးဖောင်းဒေးရှင်းကို ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်ရှိသည့်အနက် ဂွမြို့နယ်နှင့် မောင်တောမြို့နယ်မှအပ ကျန်မြို့နယ် ၁၅ မြို့နယ်မှ စာရေးဆရာများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး ကိုလည်း စာပေဆုချီမြှင့်ပွဲ အပြီး မေလ ၉ ရက်နေ့က ပေါက်တောမြို့ စန္ဒာရာမကျောင်းတိုက်တွင်  ကျင်းပပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေးဖောင်းဒေးရှင်း၏ လက်ရှိ ဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး ဥက္ကဋ္ဌ ဖြစ်သူ မင်းပြား မင်းသိန်းဇံကို မေးမြန်းရာ လက်ရှိ ရခိုင်သတ်ပုံကျမ်း တစ်စောင်ကို ထုတ်ဝေနိုင်ရန် စီစဉ်နေကြောင်း ပြောကြားသည်။

 သံတွဲမြို့မှာ ကျင်းပခဲ့တဲ့ တတိယအကြိမ်နှစ်ပတ်လည်အစည်းအဝေးမှာ ကျနော်တို့မှာ ရခိုင်သတ်ပုံကျမ်း တစ်စောင်မရှိတဲ့အတွက် ရခိုင်စာပေဖွံ့ဖြိုးတိုးတက်ရေးဖောင်းဒေးရှင်းက ထမ်းဆောင်ပြီး လုပ်မယ်ဆိုပြီးတော့ ဆုံးဖြတ်ခဲ့ကြတယ်။ ကျနော်တို့ကတော့ အဲဒါတွေကို လုပ်နေကြတယ် ဟုပြောသည်။

သံတွဲမြို့နယ် ကိုယ်စားပြုပွဲတက်ရောက်လာသူ ဆရာမ မေလှိုင်းဖြူက အခုက စာပေဖောင်ဒေးရှင်း လုပ်နေတာဟာလည်း တော်တော်လေးကို အားရစရာကောင်းပါတယ်။ ဒီဆရာတွေရော၊ ဒီအဖွဲ့အစည်းတွေရော၊ တပြိုင်နက်တည်းအချိန်ကိုမြှင့်ပြီးတော့ ကြိုးစားနေတယ်။ ကြိုးစားနေတယ် ဆိုတော့ လိုအပ်တယ်လို့ ပြောဖို့ထက် ကျမတို့က လမ်းကြောင်း တစ်ခုပေါ်ရောက်ပြီ။ ခိုင်ခိုင်မာမာ တည်ဆောက်ထားပြီးပြီ။ ၄ နှစ်မြောက်သွားပြီ။ အခုလည်း ကျမတို့လိုအပ်တာတွေကို အားကောင်းကောင်းနဲ့ လုပ်နေကြတယ်။ကျမတို့အောင်မြင်နေတယ်။ မကြာခင် အချိန်အတိုအတွင်းမှာလည်း ကျမတို့ အားလုံးလက်ခံနိုင်တဲ့ ရခိုင်သတ်ပုံကျမ်းတစ်စောင် ခိုင်ခိုင်မာမာ စံတစ်ခုပေါ်ထွန်းလာမယ်ဆိုပြီးတော့ ကျမစိတ်ထဲက အားရနေမိတယ်။ ဟုပြောသည်။

 ရခိုင်စာပီဖွံ့ဖြိုးရေးဖောင်ဒေးရှင်း တည်ဆောက်ခဲ့သည်မှာ လက်ရှိတွင်  ၄ နှစ်ပြည့်သွားပြီ ဖြစ်သည်ဟု သိရှိရသည်။  

ဆက်စပ် သတင်းများ