သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ပထမဆုံးအကြိမ်ထုတ်ဝေသည့် စစ်တွေမဂ္ဂဇင်း ထွက်ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 3.5k

ထက်အောင်
နိရဥ္စရာ၊ ဇွန် ၂၉/ ၂၀၂၁
ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေကို အခြေပြုထုတ်ဝေသည့် စစ်တွေမဂ္ဂဇင်း အမှတ် (၁) ထွက်ရှိလာပြီဖြစ်ကြောင်း သတင်းရရှိသည်။
စစ်တွေမဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင် ဦးအောင်ကြည်မိုး (သင်းပုန်းတန်း) က “ အခုထွက်တာကတော့ စစ်တွေ မဂ္ဂဇင်း အမှတ် (၁) ပါ။ စစ်တွေမြို့မှာရှိတဲ့ စာပေအသိုင်းအဝိုင်းတစ်ခုက နေပြီးတော့ မြို့တော်မှာ အခုလိုလုပ်သင့်တယ်။ ရခိုင်မှာက တခြား ကျောက်တော်တို့၊ ပေါက်တောတို့မှာလည်း မဂ္ဂဇင်းတွေထွက်တယ်။ စစ်တွေဆိုတာသည် ရခိုင်ပြည်နယ်ရဲ့ မြို့တော်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် စစ်တွေဆိုတဲ့ နာမည်နဲ့ မဂ္ဂဇင်းတစ်ခု ထွက်သင့်တယ်ဆိုပြီး ကျနော်တို့ မဂ္ဂဇင်း အမှတ် (၁) ကို ထုတ်လုပ်ရတာဖြစ်ပါတယ်။ ပြီးတော့ အရင်ကရှိခဲ့တဲ့ စစ်တွေမြို့က ထင်ပေါ်ကျော်ကြားတဲ့ လူတွေရဲ့ အကြောင်းတွေ ဒီမဂ္ဂဇင်းမှာ ပါဝင်ပါတယ်။ စစ်တွေရဲ့ အကြောင်းအရာကို သီဖွဲ့ထားတဲ့ အကြောင်းအရာတွေပါဝင်တဲ့ ကဗျာတွေကို ကျနော်တို့ သုံးပါတယ်။ ဝတ္ထုဆိုရင်လည်း စစ်တွေမြို့ နောက်ခံကိုထားတဲ့ ဝတ္တုမျိုးကို အသားပေးပြီး မဂ္ဂဇင်းအမှတ် (၁) မှာသုံးထားပါတယ်။ စစ်တွေဆိုတဲ့ အငွေ့အသက်ပါအောင်ဆိုပြီး မူတစ်ခုကိုကျနော်တို့မှာ ထားရှိပါတယ်။ စစ်တွေအငွေ့အသက် မပါပေမယ့်လည်း နောက် ကောင်းတဲ့အရာတွေဆိုရင်လည်း ဒီမဂ္ဂဇင်းမှာ ထည့်သွင်းထားပါတယ်” ဟု ပြောသည်။
ယခုထွက်ရှိသော စစ်တွေမဂ္ဂဇင်းအား (၄) လလျှင် တစ်ကြိမ်စီဖြင့် တစ်နှစ်အတွင်း မဂ္ဂဇင်းစာအုပ် (၃) အုပ် အနည်းဆုံးထုတ်မည်ဟု ရည်ရွယ်ထားပြီး လက်ရှိ ထုတ်ထားသည့် မဂ္ဂဇင်း အမှတ် (၁) မှာလည်း ရောင်းအားကောင်းကြောင်း ဦးအောင်ကြည်မိုး (သင်းပုန်းတန်း)က ဆိုသည်။
စစ်တွေမဂ္ဂဇင်း ထွက်ရှိနိုင်ရေးအတွက် ငွေအင်အားလိုအပ်ပြီး မဂ္ဂဇင်း ထုတ်နိုင်ရေးအတွက် ကြော်ငြာထည့်သွင်းခြင်းကို အဓိက အားကိုးနေရကြောင်းသူကပြောသည်။
ဦးအောင်ကြည်မိုး (သင်းပုန်းတန်း) က “ ရောင်းအားကတော့ မနေ့က တစ်ရက်တည်းမှာ စာအုပ်ရေ (၁၀၀) ကျော် ရောင်းရပါတယ်။ စစ်တွေ မဂ္ဂဇင်းဆိုတော့ လူတွေကစိတ်ဝင်စားကြပါတယ်။ နယ်အော်ဒါ တွေလည်း မှာကြပါတယ်။ ကျနော်တို့ စစ်တွေမဂ္ဂဇင်းက အပြင်အဆင်တွေလည်း ကောင်းပါတယ်။ အခက်အခဲကတော့ စာမူကပိုင်းမှာ ကျနော်တို့ ခေါ်လိုက်တဲ့ အခါ ရောက်ပါတယ်။ သို့ပေမယ့်လည်း စာမူတွေက စစ်တွေ အငွေ့အသက် မပါတာတွေရှိခဲ့ဖူးပါတယ်။ အဲဒီလိုဖြစ်တဲ့ အခါကျတော့ ကျနော်တို့မှာ ရင်းနှီးတဲ့ စာရေးဆရာကြီးတွေဆီက စစ်တွေအငွေ့အသက် ရှိတဲ့ဟာတွေကို ရွေးပေးဖို့အကူအညီ တောင်းပါတယ်။ ဝတ္တုပဲဖြစ်ဖြစ်၊ ဆောင်းပါးပဲဖြစ်ဖြစ် ကျနော်တို့က စာမူတွေတောင်းပါတယ်။ တောင်းတဲ့အခါလည်း အခု နောက်ပိုင်းဆိုရင် မဂ္ဂဇင်းထွက်ဖို့ ၁ ပတ်အလိုမှာဆိုရင် စာမူတွေက အများကြီးရောက်လာပါတယ်။ ကျနော်တို့လည်း အများကြီး ရွေးချယ် ခဲ့ရပါတယ်။ စစ်တွေမြို့က စီးပွားရေးလုပ်ငန်းရှင်တွေကလည်း မဂ္ဂဇင်းမှာ ကြော်ငြာဖို့အတွက် ဝမ်းမြောက်ဝမ်းသာနဲ့လက်ခံပြီး ကြော်ညာတွေထည့်ပေးကြပါတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားချင်ပါတယ်” ဟု ပြောသည်။
ဇွန် ၂၇ ရက်နေ့ကထွက်ရှိသည့် စစ်တွေမဂ္ဂဇင်း အမှတ် (၁) မဂ္ဂဇင်း ဖြစ်မြောက်ရေး ကော်မတီတွင် အယ်ဒီတာချုပ် ဂေါယာမြေစောဝင်း၊ အမှုဆောင်အယ်ဒီတာ ကျော်စိုးလူ၊ မောင်မိုးမိုက်၊ ပွင့်သစ်(တမန်းသား)၊ အောင်ကြည်မိုး(သင်းပုန်းတန်း) တို့ဖြစ်ကြောင်း သိရသည်။
စစ်တွေအကြောင်းအသားပေးဖော်ပြထားသည့် ဤမဂ္ဂဇင်း စာအုပ်တွင် စာမျက်နှာ (၁၅၈) အထိ ပါဝင်ပြီး ပထမအကြိမ်အဖြစ် စာအုပ်ရေ (၁,၀၀၀) ထုတ်ဝေကာ ဈေးနှုန်းမှာ (၃,၀၀၀) ကျပ်ဖြစ်ကြောင်း သိရသည်။
စစ်တွေမဂ္ဂဇင်း စာအုပ်ရရှိနိုင်သော နေရာများမှာ စစ်တွေမြို့ပေါ်မှ သုခမိန်စာအုပ်ဆိုင်၊ စစ်တွေခရိုင် ပြန်/ ဆက်ရုံး၊ အာရက္ခဝံသ ကားရောင်းဝယ်ရေး Show Room တို့တွင်ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ