ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

တောင်ကုတ်တွင် စာရေးဆရာများ တွေ့ဆုံပွဲပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.2k


နိရဉ္စရာ
စက်တင်ဘာ ၂၄ / ၂ဝ၂၁
ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် စာရေးဆရာ၊ ကဗျာဆရာနှင့် စာပေအင်အားစုများတွေ့ဆုံပွဲတစ်ခုကို ယနေ့ စက်တင်ဘာလ ၂၄ ရက် နံနက် ၉ နာရီခန့်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာရေးဆရာတွေ့ဆုံပွဲကို တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်ရှိ အာရက္ခဝံသ ကားရောင်းဝယ်ရေး၏မန်နေးဂျင်းဒါရိုက်တာ ဦးကျော်ကျော်(ခ) စာရေးဆရာ ခိုင်မြတ်ကျော်(ကျောက်တော်)က ၎င်းတို့၏ကား Show Room တွင် ကမကထပြုကျင်းပခြင်းဖြစ်သည်။
ပွဲစီစဉ်သူ ဆရာဦးခိုင်မြတ်ကျော်က “အခုလို စာရေးဆရာဂုဏ်ပြုပွဲလုပ်တယ်ဆိုတာက ရခိုင်ပြည်နယ်ထဲမှာရှိကြတဲ့ စာရေးဆရာတွေကို တန်ဖိုးထားတတ်အောင်၊ စုစည်းနေအောင်ဆိုပြီးတော့ လုပ်တာပါ။ ဒီအမူအကျင့်လေးတွေ မြင့်တက်လာမယ်ဆိုရင်တော့ အနာဂတ်စာရေးဆရာတွေရဲ့ အခန်းကဏ္ဍ ပိုပြီးမြင့်တက်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောဆိုသည်။
အဆိုပါတွေ့ဆုံပွဲသို့ တောင်ကုတ်မြို့နယ်မှ မြို့နယ်ပြန်/ဆက်ဦးစီး ဦးစန်းဝင်းအပါအဝင် စာရေးဆရာ ၁၅ ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံပွဲသို့တက်ရောက်လာသည့် တောင်ကုတ်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာမောင်နှစ်သိမ့်(တောင်ကုတ်)က “စာပေသမားတွေဆိုတာ မီးခြစ်ကို ကိုင်ထားသူတွေနဲ့ တူပါတယ်။ လောကကြီးကို မီးထွန်းနိုင်သလို အလင်းရောင်လည်း ပေးနိုင်ကြသူတွေပါ။ စာပေလောကသားအားလုံး တက်ညီလက်ညီနဲ့ လောကကြီးကို အလင်းဆောင်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်”ဟု ပြောသည်။
အဆိုပါစာရေးဆရာတွေ့ဆုံပွဲကို တက်ရောက်လာကြသူများက ကဗျာရွတ်ဖတ်ခဲ့ကြပြီး တွေ့ဆုံပွဲအပြီးတွင် အာရက္ခဝံသမိသားစုက နေ့လယ်စာ ထမင်းဖြင့်ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ