ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

“မြောက်ဦးကို ရာဇဝင်ထဲမှာ ထားခဲ့ရတော့မှာလား”စာအုပ်မိတ်ဆက်ပွဲနှင့် စာရေးဆရာကို ဂုဏ်ပြုပွဲ ပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7.7k

စိုးဇံအောင်

နိရဥ္စရာ၊အောက်တိုဘာ ၆/၂ဝ၁၉

“မြောက်ဦးကို ရာဇဝင်ထဲမှာ ထားခဲ့ရတော့မှာလား”ဆောင်းပါးစုစည်းမှု စာအုပ်မိတ်ဆက်ပွဲနှင့် ယင်းစာအုပ်ကို ရေးသားခဲ့သည့် ရခိုင်စာရေးဆရာ ရက္ခအား  ဂုဏ်ပြုသည့် ပွဲတစ်ခုကို တောင်ကုတ်မြို့တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယင်းပွဲကို တောင်ကုတ်မြို့နယ် စာရေးဆရာအသင်းနှင့် စာပေအင်အားစုတို့မှ စီစဉ်ပြီး ယနေ့ အောက်တိုဘာလ ၆ ရက်နေ့ နေ့လယ် ၁ နာရီက တောင်ကုတ်မြို့၊ကိုင်းရှည်ရပ်ကွက်ရှိ အရုဏ်ဦး စာကြည့်တိုက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

”ကျွန်တော်တို့ စာရေးဆရာအသင်းဖြစ်ဖြစ်၊စာပေအင်အားစုဖြစ်ဖြစ်ပေါ့နော်။ဒီလို ကိုယ့်မြို့နယ်က ဖြစ်ထွန်းလာမယ့်  ကလောင်တွေကို ကြိုဆိုတယ်ပေါ့။အဲဒီအထဲမှာမှ ဒီကိုရက္ခရေးလိုက်တဲ့ မြောက်ဦးကို ရာဇဝင်ထဲမှာ ထားခဲ့ရတော့မှာလားဆိုတဲ့ ဆောင်းပါးစာစု အားလုံးကို အသေးစိတ်ဖတ်ကြည့်အခါမှာ ရခိုင်ပြည်နယ် တစ်ခုလုံးအတွက် တန်ဖိုးမဖြတ်နိုင်လောက်တဲ့၊ရခိုင်ပြည်နယ်တစ်ခုလုံးကို အကျိုးတစ်စုံတစ်ရာ ပြုနိုင်လောက်တဲ့ သေသေချာချာ ယုံကြည်တယ်ပေါ့။အဲဒါကြောင့် အခုလို ဂုဏ်ပြုတာပါ” ဟု တောင်ကုတ်မြို့နယ် စာရေးဆရာအသင်း အတွင်းအရေးမှူး  ကဗျာဆရာ မောင်နှစ်သိမ့်(တောင်ကုတ်)က နိရဥ္စရာသို့ ပြောသည်။

ယင်းစာအုပ်ထဲတွင် ရခိုင်နှင့် ရခိုင်မျိုးနွယ်စုတို့၏ ယဉ်ကျေးမှုဆိုင်ရာများ၊ရခိုင်ပြည်နယ်အနှံ့မှ ထင်ရှားကျော် ကြားသူများ၊ရခိုင်သမိုင်းဆိုင်ရာများ၊ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်၊ပညာရေး၊နိုင်ငံရေးနှင့် ဖွံ့ဖြိုးတိုးတက် မှု စသည့် ကဏ္ဍပေါင်းစုံကို မီးမောင်းထိုး ရေးသားထားသည့် ဆောင်းပါး ပုဒ်ရေ  ၆ဝ ကျော်  ပါဝင်သည်ဟု သိရသည်။

တောင်ကုတ်မြို့မှ ကဗျာဆရာ Marble ဥက္ကာကလည်း ”ဒီစာအုပ်က ရခိုင့်သမိုင်းမှာ မှတ်တမ်းတင်ကျန်ခဲ့မယ့် စာအုပ်တစ်အုပ်အနေနဲ့ မြင်ပါတယ်။ဘာကြောင့်လဲဆိုရင် နိုင်ငံရေးဘက်က ကြည့်မလား။ရခိုင့်ရိုးရာ ယဉ်ကျေးမှု ဘက်က ကြည့်မလား။အဘက်ဘက်မှာ ပြည့်စုံတဲ့ စာအုပ်တစ်အုပ်လို့ မြင်တယ်ပေါ့။ဒီစာအုပ်ဟာ သမိုင်းအနေနဲ့ လည်း ထင်ကျန်ခဲ့မယ့်  စာအုပ်တစ်အုပ်လို့ မြင်ပါတယ်”ဟု ယင်းဆောင်းပါးစာအုပ်နှင့် ပတ်သက်ပြီး ပြောသည်။

စာရေးဆရာရက္ခသည်  ပြည်မသတင်းဂျာနယ်များ ဖြစ်သော News Watch ဂျာနယ်၊The Voice သတင်းစာ၊မြန်မာ တိုင်းစ် သတင်းစာတို့တွင် ရခိုင်နှင့်ဆက်နွယ်သည့် ဆောင်းပါးများကို အစဉ်တစိုက်ရေးသားနေသူ ဖြစ်သည်။

ရခိုင်ပြည်တွင်း သတင်းဂျာနယ်များဖြစ်သည့် နိရဥ္စရာ ရခိုင်သတင်းဂျာနယ်၊Development ဂျာနယ်တို့တွင် လည်း ရခိုင်ရေးရာ ဆောင်းပါးများ ရေးသားနေသူဖြစ်သည်။

ယင်းစာအုပ်တန်ဖိုးမှာ ၄၅ဝဝ ကျပ်ဖြစ်ပြီး ရခိုင်ပြည်နယ်မြို့နယ်အနှံ့ရှိ စာအုပ်ဆိုင်များ၊ ရန်ကုန်မြို့ ရှိ  အင်းဝ၊ရာပြည့်၊စာပေလောက စာအုပ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သိရသည်။

စာအုပ်မိတ်ဆက်ပွဲနှင့် ဂုဏ်ပြုပွဲအား တောင်ကုတ်စာပေအသိုင်းအဝိုင်းမှ လူ ၅ဝ ခန့်တက်ရောက်ပြီး နေလယ် ၂ နာရီတွင် ပြီးခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ