ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

အမ်းတွင် ရွာပေါင်း ၅ဝ ကျော် ဆန်ရိက္ခာ သယ်ယူခွင့် ပိတ်ပင်ခံထားရ၍ စားနပ်ရိက္ခာပြတ်တောက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 8.6k

နိရဥ္စရာ၊ မေ ၂၁/ ၂၀၂၂
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စုရှိ ကျေးရွာပေါင်း ၅ဝ ကျော်သည် ဆန်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ခံထားရ၍ စားနပ်ရိက္ခာပြတ်တောက်နေကြောင်း သိရသည်။
အဆိုပါကျေးရွာပေါင်း ၅၀ ကျော်ကို မေလ ၆ ရက်နေ့မှစတင်ကာ ဆန်တင်ပို့သောကားလမ်းများနှင့် ရေလမ်းများကို စစ်ကောင်စီက ပိတ်ပင်တားမြစ်လိုက်ကြောင်း ဒေသခံများက ပြောသည်။
ထိုကဲ့သို့ပိတ်ပင်ခြင်းမခံရစဉ်က ဆိုင်ကြီးများတွင် စုဆောင်းထားရှိသော ဆန်ရိက္ခာများကို စျေးအဆမတန်ပေးကာ လက်ရှိတွင် ဝယ်ယူစားသောက်နေရပြီး လာမည့်တစ်ပတ်အတွင်းတွင် စားနပ်ရိက္ခာများပြတ်တောက်သွားနိုင်သည့် အခြေအနေရှိနေကြောင်း အမ်းဒေသခံ ကိုမျိုးလွင်က နိရ ဉ္စရာသို့ပြောသည်။
"အခုတချို့ဟာတွေဆိုရင် အလွယ်တကူဝယ်လို့မရတဲ့အပိုင်းတွေကိုရောက်သွားပြီ။ ရှိတော့ရှိနေသေးတယ်၊ ဒါပေမယ့် စျေးများတယ်။ အလွယ်တကူဝယ်လို့မရတဲ့အနေအထားမှာ ရှိတယ်။ တစ်ပတ်အတွင်းလောက်မှာ စားနပ်ရိက္ခာတွေ မသွင်းနိုင်ရင်တော့ အငတ်ဘေးနဲ့ ကြုံရနိုင်တယ်။ အဲဒီဒေသမှာရှိတဲ့ပြည်သူတွေက ပိုက်ဆံမရှိလို့ထမင်းမစားနိုင်တဲ့ အခင်းအကျင်းတွေ ရောက်သွားနိုင်တယ်။ အသက်ရှင်ရပ်တည်မှုတွေကို ထိခိုက်သွားနိုင်တယ်" ဟုပြောသည်။
လက်ရှိတွင် ရှိသည့်ဆန်များကိုစားနေရပြီး ကုန်စျေးနှုန်းများလည်း မြင့်တက်လာသဖြင့် ယခုထက်ပို၍ ဆန်ရိက္ခာတင်ပို့မှုများကို တင်းကျပ်လာလျှင် ရိက္ခာပြတ်တောက်မှုနှင့် ကြုံရနိုင်သည်ဟု ဒါးလက်ချောင်းဒေသခံတစ်ဦးက ပြောသည်။
"လောလောဆယ်မှာတော့ တစ်ယောက်စ၊ နှစ်ယောက်စက ကိုယ့်နားလည်မှုနဲ့ကိုယ် ဆန်နည်းနည်းပါး သွင်းတာတွေတော့ရှိသေးတယ်။ အများကြီးသွင်းလို့တော့ မရဘူး။ ဓာတ်ဆီတွေလည်း မြင်တိုင်းတင်လို့မရဘူး။ ၆ လပိုင်းလောက်ကို ရောက်လာရင်တော့ အခုထက်ပိုပြီး ကျပ်တည်းလာဦးမယ်လို့ထင်တယ်။ စားနပ်ရိက္ခာတွေ ကြိုဝယ်ထားဖို့ကလည်း တစ်နေ့လုပ်မှတစ်နေ့စားရတဲ့သူတွေဆိုရင် မတတ်နိုင်ဘူး။ အခက်အခဲတွေရှိတယ်အများကြီး" ဟုပြောသည်။
၎င်းဒေသသည် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသအတွင်း မိုင်းနှင့်လက်နက်အကြွင်းအကျန်အန္တရာယ်များကို စိုးရိမ်ရမှုကြောင့် ဥယျာဉ်၊ ခြံမြေများကိုလည်း ပုံမှန်အတိုင်းလုပ်ကိုင်နိုင်ခြင်းမရှိခဲ့၍ ငွေရေးကြေးရေးနှင့် စားဝတ်နေရေးကျပ်တည်းသော ဒေသဖြစ်ကြောင်း အမ်းဒေသခံများက ပြောသည်။
ယခုဖြတ်တောက်ခံလိုက်ရသည့် ကျေးရွာပေါင်း ၅၀ ကျော်တွင် ချင်းလူမျိုး ၇၀ ရာခိုင်နှုန်းနှင့် ရခိုင်လူမျိုး ၃၀ ရာခိုင်နှုန်းနေထိုင်လျက်ရှိသည်ဟုလည်း ဒေသခံများက ပြောသည်။
(NN-8)

ဆက်စပ် သတင်းများ