ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

တိုက်ပွဲကြောင့် ရခိုင်မြို့နယ် ၈ ခုတွင် လယ်မြေအများအပြားထွန်ယက်စိုက်ပျိုးရန်ကျန်နေသေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 3.8k

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဇူလိုင် ၁၈/ ၂ဝ၂ဝ

တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ရခိုင်ပြည်နယ်မှ မြို့နယ် ၈ ခုတွင် လယ်မြေအများအပြား ထွန်ယက်စိုက်ပျိုးရန် ကျန်နေသေးကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ တာဝန်ရှိသူများ၏ ထုတ်ဖော် ပြောဆိုချက်အရ သိရသည်။ 

၎င်းမြို့နယ် ၈ ခုမှာ ရသေ့တောင်၊ အမ်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ဘူးသီးတောင်၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ ဖြစ်ကြောင်း ယင်းသမဂ္ဂ၏ဗဟိုကော်မတီဝင် ဦးမျိုးမင်းအောင်က ပြောသည်။

“လယ်မထွန်ရသေးတဲ့ ဧက စာရင်းတွေကတော့ မြို့နယ်အလိုက် ပို့လို့တော့ ရှိကြမယ်။ စာရင်းက လုပ်နေတုန်းပေါ့။ စာရင်းက အတိကျ မရသေးတော့ ခန့်မှန်းလို့ ပြောဖို့ကလည်း သိပ်မကောင်းဘူး။  ဘူးသီးတောင်ဘက်မှာတော့ နည်းနည်းကျန်တယ်။ အမ်းမှာလည်း လယ်မထွန်ရသေးတဲ့ နယ်မြေတွေရှိတယ်။ ချောင်းဖျားဒေသဘက်မှာဆိုရင် လုံးဝ လယ်ထွန်လို့ မရတဲ့ အခြေနေပေါ့” ဟု ဦးမျိုးမင်းအောင်က နိရဥ္စရာသို့ ပြောသည်။ 

အဆိုပါ မြို့နယ် ၈ မြို့နယ်မှ လယ်သမားများမှာ တိုက်ပွဲများကို ကြောက်လန့်ပြီး မထွန်ယက်နိုင်သလို ထွန်ယက်နေချိန် လယ်ကွင်းများတွင် လက်နက်ကြီးများကျရောက်ခြင်း၊ လယ်လုပ်နေသူများကို ဖမ်းဆီးခေါ်ဆောင် စစ်ဆေးမေးမြန်းမှုများရှိနေခြင်းတို့ကြောင်း လယ်ထွန်ရန် လယ်ထဲသို့ မဆင်းရဲကြဘဲ ဖြစ်နေကြောင်း ဦးမျိုးမင်းအောင်က ဆက်လက် ပြောဆိုသည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ (ရသေ့တောင်)  ဥက္ကဋ္ဌ ဦးအေးမောင် “တိုက်ပွဲတွေကြောင့် မထွန်ရတာပါ။ အခုရသေ့တောင်မြို့နယ်မှာ လုံးဝမထွန်ရသေးတဲ့ ရွာအရေအတွက်က ၃ဝ အထက်ရှိတယ်။ အဲဒီမှာ ၁ဝ ရာနှုန်း၊ ၂ဝ ရာခိုင်နှုန်းလောက် အဲဒီလို ထွန်ရတဲ့ ရွာတွေလည်း ရှိတယ်။ ” ဟု နိရဥ္စရာသို့ ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် အတွက် ရသေ့တောင်မြို့နယ်မြောက်ပိုင်းရှိ ကျောက်တန်း၊ ရေပုတ်၊ အောင်သာစည်၊ ထီးစွဲ၊ ဆောက်ခတ်၊ ရေစိုးချောင်း၊ အမျက်တောင်၊ မညှင်းတောင်၊ ရေမျက်ကျေးရွာနှင့် ဒေသအတွင်းက တခြားကျေးရွာတို့တွင် မထွန်ယက်ရသေးသည့် လယ်ဧက အများအပြားရှိနေကြောင်း ဦးအေးမောင်က ဆက်ပြောသည်။

မြေပုံမြို့နယ်တွင်လည်း ယိုးဆနွင်း၊ ရွာသာယာ ယောချောင်း၊ အင်ကြင်း၊ ဟင်းခရော်၊ စညင်း၊ ဆတ်ရ၊ လီသွန် စသည့်ကျေးရွာတို့တွင် လယ်သမားများမှာ လယ်မထွန်ရသေး၍ အခက်ခဲဖြစ်နေကြောင်း စညင်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းက ပြောသည်။

ဦးမောင်ရွှေသိန်း “စညင်းက လယ်သမား ၁၁၈ ယောက်မှာ ၇ ယောက်ပဲ လယ်ထွန်ရပါတယ်။ အဲဒီ ၇ ယောက်ရဲ့ လယ်တွေက ရွာအနားမှာမို့ လုပ်ရတာ။ တခြားလယ်တွေက ရွာနဲ့ နည်းနည်း ဝေးတော့    မထွန်ကြရဘူး။ စညင်းအုပ်စုမှာဆိုရင် လယ်ဧက ၂၈၃ ဧကပေါ့။ အဲဒီထဲက ဧက ၃ဝ ကျော်လောက်ပဲ လုပ်ရတယ်။ ကျွဲ၊ နွားရှာရတာတွေနဲ့၊ မိုင်းနင်းမိတာတွေကြောင့် အဲဒါတွေကို ကြောက်လို့ လယ်မလုပ်ရဲကြဘူး” ဟု နိရဥ္စရာသို့ ပြောသည်။

ထို့အတူ မြောက်ဦးမြို့နယ်တွင်လည်း ကျေးရွာများမှ လယ်သမားများမှာ ကြောက်လန့်ကာ လယ်မထွန်ကြရခြင်းများ ရှိကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ (မြောက်ဦး) ဦးစိုးနိုင်က ပြောသည်။

မြောက်ဦးမြို့နယ်အတွင်း မထွန်ယက်ရသေးသည့် လယ်ဧကပေါင်း ၁၂ဝဝ ခန့်ရှိကြောင်း ၄င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်ကလည်း ရခိုင်ပြည်နယ်အတွင်း၌ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ နှစ်ဘက်တိုက်ပွဲများကြောင့် လယ်သမားများ နေရပ်စွန့်ခွာထွက်ပြေးနေကြရသဖြငမြို့နယ် ၇ ခုတွင် စပါးမှည့်ပြီးမှ မရိတ်သိမ်းနိုင်ဘဲကျန်နေခဲ့သည့် စပါးစိုက်ခင်းဧက တစ်သောင်းခွဲကျော်ရှိခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ