ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ပြည်တွင်းပြည်ပတင်ပို့မူမလုပ်နိုင်၍ ရခိုင်ဆန်စပါးစျေးကွက်အခြေအနေ အေးခဲနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 1k

ချစ်အိလှိုင်
နိရဥ္စရာ၊ သြဂုတ် ၂၁/၂ဝ၁၉

ရခိုင်ပြည်နယ်တွင် ဆန်စပါးများအား ပြည်ပတင်ပို့မူ မလုပ်နိုင်ရုံမက ပြည်တွင်းသယ်ယူမူ ခက်ခဲနေသဖြင့် ဆန်ကုန်သည်များနှင့် လယ်သမားများ အခက်ခဲဖြစ်နေသည်ဟု သိရသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ရေး ပဋိပက္ခကြောင့် ဒေသတွင်း ပြည်တွင်းထဲ၌ မြို့နယ်တစ်ခုမှ တစ်ခုသို့ ဆန်စပါးများ သယ်ယူရန် အခက်အခဲများ ဖြစ်နေသောကြောင့် ဆန်စပါးစျေးကွက်မှာ အရောင်းအဝယ် မရှိသလောက် ဖြစ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းအဖွဲ့ချူပ် ရခိုင်ပြည်နယ်အသင်း ဥက္ကဋ္ဌ ဦးရွှေထွန်းအောင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
 
" ကိုယ့်ရခိုင်ပြည်ထဲက ဘူးသီးတောင်နဲ့ မောင်တောမြို့တွေကိုတောင် ဆန်တွေ တင်ပို့လို့မရတာ။ နိုင်ငံခြားနဲ့ တခြားပြည်နယ်တွေကို ပို့ဖို့ ဘယ်လိုမှ မရတော့ဘူးပေါ့။ ဘူးသီးတောင် မောင်တောမြို့ကိုသွားတာ ရေတပ်က ဖြတ်သန်းခွင့် မပေးဘူး ။  ကျွန်တော်တို့ရဲ့ ကုန်စည် စီးဆင်းမူ အတော်ထိခိုက်နေတာပါ။ ဒါကိုလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ကျွန်တော်တို့ ရခိုင်ပြည်နယ် ဆန်စပါးအသင်းက စာနဲ့တကွ တင်ပြထားပါတယ်"
 ဟု ပြောသည်။
 
ရခိုင်ပြည်နယ်တွင်းက ဆန်စပါးများကို မန္တလေးတိုင်း /မကွေးတိုင်း/မူဆယ်မြို့များသို့တင်ပို့ရာတွင် လမ်းခရီး အခက်ခဲများရှိနေကြောင်း၊ တရုတ် နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ များမှလည်း အခွန်ခများ အများပြား ကောက်ခံမူများကြောင့် တင်ပို့မူ ရပ်ဆိုင်းထားရကြောင်း၊ ရခိုင်ပြည်နယ်တွင်လည်း နယ်မြေအေးချမ်းမူများမရှိသဖြင့် အရောင်းအဝယ်များရပ်ဆိုင်းနေကြောင်း ဦးရွှေထွန်းအောင်က ဆက်လက် ၍ပြောသည်။
 
မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သူ ဦးကျော်သိန်းက "စပါးဝယ်မယ့် လူတွေလည်းမရောက်ဘူး။  အရောင်းအဝယ်တွေရပ်နေတယ်။ ဒီနှစ်တော့ ဆန်စပါးတွေစျေးရဖို့ မမြင်ဘူး။ နောက်နှစ်တွက်လည်း ကျွန်တော်တို့ လယ်သမားတွေမှာ ငါ့စပါးစျေးက ဘယ်လောက်ရမယ် ဆိုတာလည်း ခန့်မှန်းခြေ မရှိဖြစ်နေပြီ " ဟု ပြောသည်။
 
ရခိုင်ပြည်နယ်တွင်  အဓိကစိုက်ပျိုးသော စပါးများမှာ  ဧည့်မထ / ရွှေဝါထွန်း/သီရိဒုံနှင့် ပေါ်ဆန်းမွေးတို့ဖြစ်ကြပြီး ပြည်မနှင့် အခြားနေရာများသို့ အများဆုံး တင်ပို့ခဲ့ကြကြောင်း၊  မကွေးတိုင်းဘက်မှ စပါးမျိုးစေ့များအား ရခိုင်သို့ ယူဆောင်စိုက်ပျိုးကြပြီး မကွေး/ချောက်မြို့များ အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းသို့ ပြန်လည် တင်ပို့ရောင်းချခဲ့ကြကြောင်း ဦးကျော်သိန်းက ပြောသည်။
 
လက်ရှိ စစ်တွေမြို့တွင် ပေါ်ဆန်းမွေး တစ်အိတ်လျှင် ၄၄ဝဝဝ ကျပ်နှင့် ရောင်းချနေပြီး ဧည့်မထ အုပ်စုဝင် ရွှေဝါထွန်း၊ သီရိဒုံ၊ အိန္ဒိယရှယ် ဆန်တစ်အိတ်မှာ  ၂၁၅ဝဝ ကျပ်သာရှိပြီး စျေးအများ ဆုံးတက်လာလျင်လည်း တစ်ထောင်ကျပ်လောက်သာ တက်လာဖွယ်ရှိကြောင်း ရခိုင်ပြည်နယ် ဆန်စပါးအသင်းမှသိရသည်။

ဆက်စပ် သတင်းများ