သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်တွေ ဆန်စျေးနှုန်း မြင့်တက်၍ စိုးရိမ်မှုများရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 1.9k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ မတ် ၂၅ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ယခုရက်ပိုင်းအတွင်း ဆန်စျေးနှုန်း အနည်းငယ် မြင့်တက်လာသဖြင့် လက်လုပ်လက်စားနှင့် ဆင်းရဲသားများအတွက် စိုးရိမ်စရာ ရှိနေကြောင်း သတင်းရရှိသည်။

စစ်တွေဆတ်ရိုးကျမှ ကိုမောင်သန်းကျော်က ̏ ဆန်စျေးက တအားထိုးတက်သွားတယ်။ ချက်ချင်းကို စျေးတက်သွားတာ။ ငစိန်ဆန်ဆိုလို့ရှိရင် ယခင်က ၂၄ဝဝဝ စျေးနဲ့ ကျနော်တို့ ဝယ်စားရတယ်။ အခုဆိုရင် ၂၉ဝဝဝ၊ ၃ဝဝဝဝ အထိ ထိုးတက်သွားတယ် ˝ဟု ပြောသည်။

ယခုကဲ့သို့ ဆန်စျေးတက်သွားခြင်းမှာ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူနှစ်ဦးရှိသည်ဟု သတင်းထုတ်ပြန်ပြီးနောက် လူများ စိုးရိမ်မှုနှင့် အတူ ဆန်နှင့် မီးဖိုချောင်းသုံး ရိက္ခာများ ဝယ်ယူသူများလာရာမှ ဖြစ်ကြောင်း သိရသည်။

ရခိုင်ဆေးမဲကြီး ဆရာကြီးဦးအေးသိန်းက ̏ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်လူနာ နှစ်ယောက် တွေ့ရှိရတယ်ဆိုပြီး သတင်းကြားရတယ်။ နောက်ပြီးတော့ လူစုလူဝေးတွေကို မသွားရဆိုတဲ့ သတင်းတွေကြားရတဲ့အတွက် ကုန်ပစ္စည်းတွေကို ကြိုတင်ပြီးတော့ ဝယ်ထားတာဖြစ်တယ်။ ဒါကြောင့် ကုန်ပစ္စည်းတွေကလည်း တဟုန်ထိုးစျေးတက်သွားတယ်။ ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ယခင်ကဆိုရင် ၃၂ဝဝဝ လောက်ဘဲရှိတယ်။ အခုဆိုရင် ၄ဝဝဝဝ အထိ တက်သွားတယ်။ ကျနော်တို့ရခိုင်ပြည်မှာ စစ်ဘေးရှောင်တွေနဲ့ အလုပ်လက်မဲ့ဖြစ်နေသူတွေက တအားများတယ်။ ဒီလိုမျိုးကုန်ပစ္စည်းတွေ စျေးတက်သွားလို့ရှိရင် စစ်ဘေးရှောင်တွေနဲ့ ဆင်းရဲသားပြည်သူတွေ အခက်အခဲဖြစ်မှာကို စိုးရိမ်တယ်˝ဟု ပြောသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယခုရက်ပိုင်းအတွင်း စျေးဆိုင်များနှင့် ဆေးဆိုင်များတွင် ယခင်ကထက် ဝယ်ယူသူများပြားလာကြောင်း သတင်းရရှိသည်။

စစ်ဘေးရှောင်အရေးလိုက်ပါဆောင်ရွက်နေသူ ကိုအမ်းသားကြီးက ̏ ဒီလိုမျိုးစျေးတက်သွားလို့ရှိရင် စစ်ဘေးရှောင်စခန်းမှာရှိတဲ့လူတွေနဲ့ ဆင်းရဲသားတွေဟာ ရောဂါမဖြစ်ရင်လည်း အငတ်ဘေးနဲ့ ရင်ဆိုင်ရမှာ ဆိုတာ သေချာနေတယ်။ ပင်ရင်းကစျေးမတက်ဘဲနှင့် ကုန်သည်တွေကို စျေးတင် မရောင်းဖို့လည်း ကျနော်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ စျေးမတက်ဘဲနဲ့တောင် စစ်ဘေးရှောင်စခန်းတွေမှာ စားရေး သောက်ရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်။ ယခုလိုမျိုးစျေးတက်သွားလို့ ကတော့ အငတ်ပြဿနာကို ရင်ဆိုင်ရမှာ သေချာတယ်˝ဟု ပြောသည်။

စစ်တွေမြို့တွင် ဆန်အပါအဝင် တစ်ခြားရိက္ခာများလည်း သိသိသာသာ စျေးနှုန်းမြင့်တက်နေသည်ဟု မြို့ခံများက ပြောသည်။

ရခိုင်ပြည်နယ် လူ့အခွင့်ရေး ကာကွယ်မြင့်တင်သူများ အဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ̏ အခုက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်သူတွေက ရိက္ခာတွေကို တင်ကြိုလို့ ဝယ်ယူနေတယ်လို့ သိရတယ်။ အဲဒါကိုအကြောင်းပြပြီးတော့ တချို့စီးပွားရေးအတ္တသမားအချို့က ကုန်စျေးနှုန်းတွေကို မြင့်တင် လိုက်တယ်လို့ ကြားရတယ်။ ဒါကြောင့် ဆင်းရဲသားတွေနဲ့ စစ်ဘေးရှောင်တွေအတွက် အခက်အခဲ ဖြစ်လာနိုင်တယ်။ အဲဒါကို သက်ဆိုင်ရာပြည်နယ်အစိုးရက နေပြီးတော့ ဖြေရှင်းပေးဖို့လိုတယ်˝ဟု ပြောသည်။

စစ်တွေမြို့ပေါ်တွင် ယခင်က mask တစ်ခုကို ငွေကျပ် ၂ဝဝ ကနေ့ ၅ဝဝ၊ ၁ဝဝဝ အထိထိုးတက်သွားပြီး နေရာတိုင်းတွင် အလွယ်တကူ ဝယ်၍ မရတော့ဟု သိရသည်။

-------------------------------

Unicode:


နိရဉ်စရာ၊ မတျ ၂၅ / ၂ဝ၂ဝ











ဆက်စပ် သတင်းများ