သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်တွင် ဆန်စျေးနှုန်း၊ကုန်စျေးနှုန်းများတိုးမြှင့်မရောင်းချရန် မလေးရှားရောက်ရခိုင်လူမှုအဖွဲ့အစည်း ၂ခုက တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 7.3k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ မတ် ၂၆/၂ဝ၂ဝ

လက်ရှိ ရခိုင်ပြည်နယ်တွင် စစ်မက် ပြင်းထန်စွာ ဖြစ်ပွားနေပြီး တစ်ခြားတစ်ဖက်တွင်လည်း ကိုရိုနာ ကမ္ဘာကပ်ရောဂါ Covid – 19 လည်း ကမ္ဘာအနှံ့ လျင်မြန်စွာ ကူးစက်ပျံ့နှံ့လျက်ရှိနေသဖြင့် ဆန်စပါးစျေးနှုန်း၊ ကုန်စျေးနှုန်းများကို တိုးမြှင့် မရောင်းချကြရန် မလေးရှားရောက် ရခိုင်လူမှုအဖွဲ့အစည်း နှစ်ခုက ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်သည်။

၎င်းကြေညာချက်ကို မလေးရှား အခြေစိုက် ရခိုင့်လူမှုကူညီကယ်ဆယ်ရေးအသင်း (ARRC) နှင့် မလေးရှားရခိုင်အသင်းချုပ် (MAO) တို့မှ ၂ဝ၂ဝ ပြည့်နှစ် မတ်လ ၂၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ကြေညာချက် ထုတ်ပြန်ရခြင်းနှင့် ပတ်သက်ပြီး MAO ဥက္ကဋ္ဌက “ လက်ရှိ ရခိုင်ပြည်သူတွေရဲ့ အခြေအနေက အစစအရာရာ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်။ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲ ဖြစ်နေတယ်။ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးနေရတယ်။ သေကြေပျက်စီးမှုတွေ၊ စီးပွားရေး ပျက်စီးတွေလည်း ဖြစ်ပေါ်နေတယ်။ တစ်ဖက်မှာလည်း ကမ္ဘာမှာ ကိုရိုနာ ဗိုင်းရပ်စ်ကလည်း နိုင်ငံ အနှံ့အပြားမှာ ကူးစက် ပျံ့နှံ့ ဖြစ်ပွားနေတယ်။ ခုလို အချိန်မျိုးမှာ စစ်တွေမြို့မှာ ဆန်စျေးတွေ ထိုးတက်နေတယ်။ စျေးမြှင့်တင်ပြီး ရောင်းနေတယ်လို့ သတင်းတွေရတယ်။ ဒါကြောင့် ဆန်ကုန်သည်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေကို ရခိုင်ပြည်သူ ပြည်သားတွေရဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ထောက်ရှုပြီး ဒီလို ဆန်အပါအဝင် ကုန်စျေးနှုန်းတွေကို စျေးမမြှင့်ဘဲ နဂိုစျေးနှုန်း အတိုင်း ရောင်းချပေးဖို့ တောင်းဆိုတဲ့ အနေနဲ့ ဒီကြေညာချက်ကို ထုတ်ရတာ ဖြစ်ပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ကြေညာချက်ထဲတွင် လက်ရှိ ကာလသည် ရခိုင်ပြည်တွင် စစ်ပွဲပြင်းထန်သောကာလဖြစ်သည်နှင့်အညီ တစ်ဖက်တွင်လည်း ကိုရိုနာ ကမ္ဘာကပ်ရောဂါ Covid – 19 လည်း ကမ္ဘာအနှံ့ လျင်မြန်စွာ ကူးစက်ပျံ့နှံ့လျက်ရှိနေသဖြင့် လွန်စွာ စိုးရိမ်စရာကောင်းကြောင်း၊ မြန်မာအစိုးရမှ ရက္ခိုင်တပ်တော်အား မတရားအသင်းအဖြစ် သတ်မှတ်ထားသော အချိန်ကာလနှင့် တိုက်ဆိုင်နေသဖြင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာမည့် အရိပ်အယောင်များကိုလည်း တွေ့မြင်နေရပါကြောင်း၊ ၎င်းအခြေအနေကို ဝိသမလောဘသားများကလည်း အခွင့်ကောင်းယူရန် စောင့်ဆိုင်းနေပါကြောင်း၊ စစ်ရေးပဋိပက္ခနှင့် ကပ်ရောဂါဆိုးကျရောက်မည့် အန္တရာယ်ကို စိုးရိမ်နေကြချိန်တွင် ရခိုင်ပြည်သူများ၏ စားဝတ်နေရေး အခြေအနေမှာ အလွန်တရာ ကျပ်တည်းလျက်ရှိနေသည်ကို အများပြည်သူများ အသိပင် ဖြစ်ပါကြောင်း၊ သို့ပါသောကြောင့် လက်ရှိ အကြောင်းအရာများကို ထောက်ရှုပြီး ရခိုင်ပြည်အတွင်းမှ ဆန်ကုန်သည်များ၊ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့်လည်း ဆင်းရဲလွန်းလှသော ရခိုင်ပြည်သူ ပြည်သားများ၏ အခက်အခဲကို တဖက်တလမ်းမှ ပါဝင်ကူညီဖြေရှင်းပေးသည့် အနေဖြင့် ဆန်စပါးစျေးနှုန်း၊ ကုန်စျေးနှုန်းများကို တိုးမြှင့် ရောင်းချခြင်း မပြုဘဲ နဂိုမူလအတိုင်းသာ ရောင်းချပေးကြရန် ရခိုင်ပြည်သူများ အရေးကို တွေးမျှော်လျက်အနူးအညွှတ် တောင်းဆိုပါကြောင်း ဖော်ပြထားသည်။

---------------------

Unicode:


နိရဉ်စရာ၊ မတျ ၂၆/၂ဝ၂ဝ






ဆက်စပ် သတင်းများ