စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တစ်ပြည်နယ်လုံးအတွက် လက်ကျန်ဆန်စပါးအလုံအလောက်ရှိကြောင်း လုပ်ငန်းရှင်များအသင်း ၃ခုက ထုတ်ပြန်ကြေညာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 1.2k

ချစ်အိလှိုင်

နိရဥ္စရာ၊ မတ် ၂၆/၂ဝ၂ဝ

CONVID-19 ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရခိုင်တွင် ဒေသခံ ပြည်သူများ ဆန်အလုယက် ဝယ်ယူနေကြသဖြင့် ဆန်များကို အလုအယက် ဝယ်ယူစရာ မလိုကြောင်းနှင့် ရခိုင်ပြည်နယ် တစ်ခုလုံး အတွက် လက်ကျန် ဆန်စပါးအလုံအလောက်ရှိသေးကြောင်း ရခိုင်လုပ်ငန်းရှင် အသင်းသုံးသင်းက မတ်လ ၂၅ ရက်နေ့က ကြေငြာချက်ထုတ်ပြန်သည်။

ကြေငြာချက် ထုတ်ပြန်သည့် အဖွဲ့အစည်း (၃) ခုမှာ ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်း ရခိုင်ပြည်နယ် အသင်းခွဲနှင့် မြန်မာနိုင်ငံဆန်စက် လုပ်ငန်းရှင်များအသင်း ရခိုင်ပြည်နယ်အသင်းခွဲတို့ ဖြစ်ကြသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းရခိုင်ပြည်နယ်ဆန်စပါးအသင်းခွဲဥက္ကဋ္ဌ ဦးရွှေထွန်းအောင်က "မနေ့က ကိုရိုနာ ဗိုင်းရပ်နဲ့ ပတ်သက်ပြီး ကျန်းမာရေးဌာနကကြေညာချက်ထုတ်ပြီး ဒီမှာလူတွေ ကုန်ပစ္စည်းတွေ အလုအယက် ဝယ်ကြတယ်။ အဲဒီမှာဆန်စျေးတွေလည်း ချက်ချင်းကြီး တက်သွားတယ်လို့သိရတယ်။ ဥပမာ ပေါ်ဆန်းမွှေးတစ်အိတ်ကို သုံးသောင်းခုနစ်ထောင်ရှစ်ထောင်ကနေ ချက်ချင်း၄သောင်းခွဲ၊ ငါးသောင်းထိ တက်သွားတယ်။ အဲလိုဖြစ်စရာမလိုပါဘူး။ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ကိုယ့်ဒေသက ထွက်တဲ့ ဆန်တွေက တစ်ပြည်နယ်လုံးစားဖို့လုံလုံလောက်အထိရှိပါတယ်"ဟု နိရဥ္စရာသို့ ပြောသည်။

ထုတ်ပြန် ကြေငြာချက်ထဲတွင် လက်ရှိအခြေအနေတွင် ရခိုင်ပြည်နယ် စျေးကွက်၌ လက်ကျန်ဆန်စပါး လုံလောက်မှု ရှိပါကြောင်း၊ ပြည်သူလူထုအနေဖြင့် သတင်းမှားများ၊ မမှန်မကန် ဝါဒဖြန့်ချီမှုများကို ရှောင်ကြည်နိုင်ပါရန် လိုအပ်ပါကြောင်း၊ လိုအပ်ပါက မိမိတို့အသင်းများကို တိုက်ရိုက် ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း၊ ယခုကဲ့သို့ CONVID-19 ကူးစက်မြန် ရောဂါ ကာကွယ်ရေး အစီစဉ်များ ပြုလုပ်နေရသည့် အချိန်ကာလတွင် ဆန်စက်ပိုင်ရှင်များ၊ ဆန်စပါးလုပ်ငန်းရှင်များနှင့် ဆန်အရောင်းဆိုင်များ အားလုံးမှ ပစ္စည်းမှန်စျေးနှုန်းမှန်များဖြင့်သာ ရောင်းဝယ်ဖောက်ကြားမှု ပြုကြပါရန် မေတ္တာ ရပ်ခံအပ်ပါကြောင်း၊ ပြည်သူလူထု၏ အဓိက စားသောက်ကုန်ဖြစ်သော ဆန်စျေးနှုန်း တည်ငြိမ်စေရေး အတွက် လိုအပ်ပါက မိမိတို့ အသင်းများမှ ဆန်အိတ်များကို စားသုံးသူများသို့ တိုက်ရိုက်ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြထားသည်။

-------------------

Unicode:


နိရဉ်စရာ၊ မတျ ၂၆ /၂ဝ၂ဝ





ဆက်စပ် သတင်းများ