အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

သံတွဲမြို့တွင် ဆန္ဒပြသူ ၅ ဦးခန့် ဖမ်းဆီးခံရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 9.8k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၆ / ၂၀၂၀

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်ခန့်က ဆန္ဒပြရာတွင် ပါဝင်သူများ အထဲမှ အနည်းဆုံး ၅ ဦးခန့် ဖမ်းဆီးခံခဲ့ရကြောင်း ဆန္ဒပြသူများက ပြောသည်။

ဆန္ဒပြရာတွင် ပါဝင်သူ ကိုဇေယျာမင်းက သူမျက်စိရှေ့တွင်ပင် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း ပြောသည်။

“ကျနော်ရှေ့မှာ ဖမ်းသွားတာပါ။ ယောကျာ်လေးတစ်ယောက်နဲ့ မိန်းကလေးနှစ်ယောက်ပါသွားတယ် ” ဟုပြောသည်။

ဆန္ဒပြရာတွင် ပါဝင်သူ တခြား အမည်မဖော်လိုသူအမျိုးသားတစ်ဦးကလည်း ယနေ့ နံနက်က ဖမ်းဆီးမှုတွင် အရပ်သားတစ်ဦး၊ ကျောင်းသားတစ်ဦးနှင့် ကျောင်းဆရာမနှစ်ဦးတို့ ပါဝင်ကြောင်း ပြောသည်။

တစ်ခြား ဒေသခံ တစ်ဦးကလည်း ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူမှာ ၅ ဦးခန့်ရှိပြီး ထိုအထဲတွင် ရဲပိုင်ထွေး၊ အောင်ခိုင်မြင့် (ခ) ဖိုးချို၊ မောင်မောင်နှင့် မိန်းကလေးနှစ်ယောက်လည်း ပါဝင်ကြောင်း ပြောကြားသည်။

“အခုချိန်မှာ အကြောက်တရားတွေစိုးမိုးနေတယ်။ ဒါကြောင့် ကျနော်တို့ ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်။ အာဏာရှင်ဆိုတာကို ကျနော်တို့ မလိုချင်ဘူး။ အားလုံးတန်းတူ တသားတည်းပဲလိုချင်တာ”ဟု ၎င်းက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သံတွဲမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးအား ဆက်သွယ်မေးမြန်းခဲ့ရာ သူအနေဖြင့် နေမကောင်းဖြစ်နေ၍ ခွင့်ယူထားသဖြင့် ယနေ့ဖြစ်စဉ်ကို တစ်စုံတစ်ရာ သိရှိထားခြင်းဟု ပြန်လည်ဖြေကြားခဲ့သည်။

သို့အတွက် ဖမ်းဆီးခြင်းခံရသူမှာ ၄ ဦးလား၊ ၅ ဦးလား၊ ဘယ်နှစ်ဦးဖြစ်သည်ကို အာဏာပိုင်များမှ ထုတ်ဖော် ပြောဆိုခြင်းမရှိသေးသဖြင့် တိတိကျကျ မသိရှိရသေးပါ။

ဆန္ဒပြရာတွင် ပါဝင်သူ လူပေါင်း ၅၀ ခန့်မှာ ယခုအချိန်တွင် သံတွဲမြို့မရဲစခန်းရှေ့တွင် ဆက်လက် ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ