သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

တာဝန်မှယာယီရပ်စဲခံရသည့်ရခိုင်ကဆရာဆရာမ ၁၇၁ ဦးအထဲတွင် CDM လုပ်သူ၆ ဦးပါဝင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 8.1k

ဆောင်းဇာခြည်၊ ချစ်အိလှိုင်

နိရဥ္စရာ၊ မေ ၁၃/ ၂၀၂၁

 

ယာယီတာဝန်မှ ရပ်စဲမည့် ရခိုင်ပြည်နယ်က ဆရာဆရာမ ၁၇၁ ဦးအထဲတွင် CDM လုပ်သည့် ကျောင်းဆရာ ဆရာမ ၆ ဦးသာပါဝင်ကြောင်း သတင်းရရှိသည်။

 

အဆိုပါ ကျောင်းဆရာ/မများမှာ တောင်ကုတ်မြို့နယ်မှ ၄ ဦးနှင့် ဂွမြို့နယ်မှ ၂ ဦးတို့ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

 

CDM လုပ်တဲ့ ဆရာ/မက တောင်ကုတ်က လေးယောက်နဲ့ ဂွက နှစ်ယောက်ပေါ့။ ရခိုင်မှာ ခွင့်မဲ့ပျက်ကွက်တဲ့ ဆရာ/မ ၁၇၁ ယောက်ရှိတယ်။ အဲဒီအထဲမှာ အဲဒီ စီဒီအမ်း လုပ်တဲ့ ၆ ယောက်ပါပါတယ်ဟု ပြောသည်။

 

ယင်း ၆ ဦးမှာ အလယ်တန်းကျောင်းအုပ်၊ အထက်တန်းပြနှင့် မူလတန်းကျောင်းအုပ်အပါအဝင် မူလတန်းပြ ဆရာ ဆရာမများဖြစ်ကြောင်း သူက ဆက်ပြောသည်။

 

ရခိုင်ပြည်နယ်၌ မေလ ၃ ရက်နေ့တွင် ဆရာ/မများအား ကျောင်းတက်ရန် ညွှန်ကြားခဲ့သော်လည်း မေလ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် ပျက်ကွက် ဆရာ ဆရာမ ၇၇၄ ဦးရှိခဲ့သည်။

 

ယင်းအထဲတွင် မီးဖွားခွင့်၊ ဆေးခွင့်နှင့် ပင်စင်ကြိုတင်ခံစားခွင့်ရှိသူများလည်း ပါဝင်သဖြင့် နုတ်လိုက်ရာ ပျက်ကွက်သူ စုစုပေါင်း ၂၄၀ ဦးရှိခဲ့သည်ဟု သိရသည်။

 

ယင်း ၂၄၀ ဦးထဲမှ အချို့မှာ ကျောင်းပြန်တက်သော်လည်း ကျောင်းဆရာ ဆရာမ ၁၇၁ မှာ တစ်စုံတစ်ရာ တင်ပြခြင်း မရှိဘဲ ခွင့်မဲ့ပျက်ကွက်နေသဖြင့် တာဝန် ယာယီရပ်ဆိုင်းရန် စီစဉ်ရခြင်းဖြစ်ကြောင်း ပညာရေးမှူးက ပြောဆိုသည်။

 

ရခိုင်မှာ ကျောင်းဖွင့်တဲအချိန်မှာ ကိုယ့်ကလေးတွေ အကုန်လုံးကို ကျောင်းရောက်စေချင်တယ်။ ကိုယ့်ဌာနမှာ တာဝန်ထမ်းဆောင်တဲ့ ဆရာ/မတွေကိုလည်း ရောက်လာစေချင်တယ်။ စာမသင်ရဘဲ နေရတဲ့ ကလေးတွေအတွက် တစ်နှစ်တိတိ ကြာသွားပြီဆိုတော့ ကလေးတွေကိုစာသင်ဖို့အတွက် စာသင်ကြမယ့် ကလေးတွေရော အုပ်ထိန်းသူမိဘတွေကပါ ကလေးတွေကို ကျောင်းကို သွားခိုင်းဖို့၊ ဆရာ/မ၊ ရုံးဝန်ထမ်းတွေကလည်းပဲ ကိုယ့်အလုပ်ကို ကိုယ်ပြန်လုပ်ဖို့၊ ဒီကလေးတွေရဲ့ ပညာရေးအတွက် အကုန်လုံးက ဝိုင်းဝန်းပြီး လုပ်စေချင်ပါတယ်ဟု ၄င်းက ဆက်ပြောသည်။

 

လက်ရှိ ရခိုင်ပြည်နယ်တွင် အခြေခံပညာကျောင်း (ထက်/လယ်/မူ) ၃၃၀၉ ကျောင်းရှိပြီး ပညာရေးဝန်ထမ်း စုစုပေါင်း ၂၉၀၀၀ ခန့်ရှိကြောင်း သိရသည်။

 

ဆက်စပ် သတင်းများ