ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးအတွက် ဂျပန်နိုင်ငံတိုကျိုမြို့တွင် မြန်မာတိုင်းရင်းသားများ လမ်းလျှောက်ချီတက်ဆန္ဒဖော်ထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 5.4k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ ဇူလိုင် ၂၃/၂ဝ၂ဝ

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲများ ရပ်စဲရေးနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရေးအတွက် မြန်မာတိုင်းရင်းသားမဟာမိတ်သုံးဖွဲ့မှ လမ်းလျှောက်ချီတက်ကာ ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြသည်။ 

၎င်းလမ်းလျှောက်ချီတက် ဆန္ဒဖော်ထုတ်ပွဲကို ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ(ဂျပန်)/ ANDP-Japan၊ ကချင်အမျိုးသားအစည်းအရုံး (ဂျပန်-KNO-Japan)နှင့်  ဂျပန်ရောက် ကရင်အဖွဲ့အစည်း(OKOJ) မဟာမိတ် သုံးဖွဲ့ဦးဆောင်ပြီး ရခိုင်၊ ကချင်၊ ကရင်၊ များမှဦးဆောင်ပြီး မွန်၊ ချင်းနှင့် ရှမ်း တိုင်းရင်းသား ၁ဝဝ ကျော် ပူးပေါင်းပါဝင်ခဲ့ကြသည်။ 

လမ်းလျှောက်ချီတက် ဆန္ဒဖော်ထုတ်ပွဲတွင် စစ်ပွဲများ ရပ်စဲရေးနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိရေး၊  ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ပိတ်ထားသည့် အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးရေး၊ ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာသူအား တပ်မတော်သားသုံးဦးမှ အဓမ္မပြုကျင့်မှုအပေါ်ပွင့်လင်းမြင်သာစွာ အမူမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပေးရေး စသည်တို့ကို တောင်းဆိုခဲ့ကြသည်။ 

ANDP-japan ဥက္ကဋ္ဌ ကိုဘုန်းမြင့်က “  မြန်မာ့တပ်မတော်ကနေ တိုင်းရင်းသား ဒေသတွေဖြစ်ကြတဲ့ ရခိုင်၊ ချင်းပြည်နယ် ပလက်ဝ၊ ကချင်၊ ရှမ်း၊ ကရင်၊ ပလောင်စတဲ့ တိုင်းရင်းသားဒေသ အသီးသီးမှာထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ အတွက် ပြည်သူတွေ အသက်ပေါင်းများစွာ နေ့စဉ် နေ့တိုင်း ဆုံးရှုံးနေရသလို ကျောင်းသား လူငယ် တွေလည်း ပညာရေးအခွင့်အလမ်း ဆုံးရှုံးမှုတွေနဲ့ကြုံနေကြရတယ်။ အိုးအိမ် စွန့်ခွာ ရသူတွေ တစ်နေ့ထက် တစ်နေ့ များလာသလို လူ့အခွင့်အရေးချိုးဖေါက်ခံရမူတွေကိုလည်း ကြားသိနေရတဲ့ အတွက် ဂျပန်ပန်အခြေစိုက် မိမိတို့ အဖွဲ့အနေနဲ့ အထူး စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါကြောင့် ဒီထိုးစစ်တွေကို ရပ်ပြီး ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးကြဖို့ တောင်းဆိုလိုပါတယ်” ဟု လမ်းလျှောက်ချီတက်ပွဲတွင် ပြောကြားသည်။  

ဆန္ဒဖော်ထုတ်ပွဲတွင် ညီညွတ်သောတိုင်းရင်းသားသားများအဖွဲ့အစည်းAUN နာယက ဦးဇော်မင်းခိုင် ANDP-japan ဥက္ကဋ္ဌ ကိုဘုန်းမြင့်၊ ကချင် အဖွဲ့အစည်း ခေါင်းဆောင် ကိုဒွဲဂျာ၊ ကရင်အဖွဲ့အစည်း ခေါင်းဆောင် ကိုစိုးလင်းစိန်၊ အဖွဲ့အစည်းကိုယ်စားအမှာစကားများ အသီးသီး ပြောကြားခဲ့သည်။ 

ANDP ဥက္ကဋ္ဌ ကိုဘုန်းမြင့်က “ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ သံသယနဲ့ အဖမ်းဆီးခံနေရတဲ့ အပြစ်မဲ့ ပြည်သူတွေကို အများအပြားရှိနေပါပြီ။ ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ပြည်သူ(IDP) အလွန် များပြားလျှက် ရှိနေပါတယ်။ အပြစ်မဲ့ ပြည်သူတွေကို မတရားဖမ်းဆီးနှိပ်စက်ခြင်းနဲ့ စစ်ရှောင် ပြည်သူများတွေဆီကို ပို့ပေးတဲ့ စားနပ် ရိက္ခာ၊ ဆေးဝါး အကူအညီတွေကို ဟန့်တားခြင်းတွေဟာ ဂျီနီဗာကွန်ဗေးရှင်းကို ဆန့်ကျင်ရာ ရောက်တဲ့အတွက် မိမိတို့ အနေနဲ့ ဒီအပေါ်မှာ ရှုတ်ချကန့် ကွက်ပါတယ်” ဟု ဆက်လက် ပြောကြားခဲ့သည်။ 

ကချင်ခေါင်းဆောင် ကိုဒွဲဂျာမှာ စစ်အာဏာရှင် ဖြုတ်ချရေး သေဆုံးသွားခဲ့ကြသည့် ကချင် ဆရာမလေး နှစ်ဦးတို့အား စစ်တပ်၏ စော်ကားသတ်ဖြတ်မူ အမှုမှန်ပေါ်ပေါက်ရေးနှင့် အမှန်တရား ရရှိရေးတို့အတွက် တောင်းဆိုခဲ့သည်။ 

ကရင်အဖွဲ့ ခေါင်းဆောင် ကိုစိုးလင်းစိန်က ကရင်ပြည်သူများ သတ်ဖြတ်ခံရမူ လူ့အခွင့်အရေးချိုးဖောက်သည့် မြန်မာတပ်မတော်ကို အရေးယူပေးဖို့တောင်းဆိုခဲ့သည်။ 

ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာ အမျိုးသမီးအား အဓမ္မစော်ကားခဲ့မူအပေါ် ရှုတ်ချကြောင်း၊ အမှန်တရား ပေါ်ပေါက်ရေးအတွက် အစိုးရမှ တာဝန် ယူဆောင်ရွက်ရမည် ဖြစ်ကြောင်း ANDP-Japan အထွေထွေ အတွင်းရေးမှူး ကိုသက်ထွန်းအောင်က ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ Hibyia တွင်စုရပ် ဟောပြောကြပြီး နိုင်ငံခြားသံရုံးများရှေ့တွင် ဆန္ဒပြ၍ Ginza ပန်းခြံထိ လူ တစ်ရာကျော် ကြွေးကြော်သံများနှင့်အတူ လမ်းလျှောက်ချီတက်ခဲ့ကြသည်။

ဆန္ဒထုတ်ဖေါ်ပွဲကို ဇူလိုင် ၂၃ ရက် နေ့လယ် ၁ နာရီမှ ညနေ ၃ နာရီ ၃ဝ မိနစ်ထိ ပိုစတာများ၊ ဗီနိုင်းများ ကိုယ်စီကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် ချီတက် ပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိသည်။ 

ဆန္ဒဖော်ထုတ်သူများသည် ထိုးစစ်တိုက်ခိုက်မှုများအား ရပ်တန့်ရေး၊ ရခိုင်မှ မြို့နယ် အချို့နှင့် ပလက်ဝ မြို့နယ်တို့တွင် မိုဘိုင်းအင်တာနက် ချက်ချင်းပြန်ဖွင့်ပေးရေး၊ စစ်ရှောင်ပြည်သူများကို လူသားချင်းစာနာသည့် အထောက်အပံ့များနှင့် လုံခြုံစွာနေထိုင်နိုင်ရေး ကာကွယ်စောင့်ရှောက်ပေးရေး၊ ၂ဝဝ၈ ဥပဒေအား ဖျက်သိမ်းပြီး အသစ်ပြန်လည်ရေးဆွဲရေး၊ စစ်မှန်သော ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းရေး စားပွဲပေါ်တွင် အဖြေရှာဆွေးနွေးရေး၊ အယ်ဒီတာများနှင့်သတင်းထောက်များကို စွဲဆိုထားသည့် အမူများကို ပြန်လည် ရုပ်သိမ်းပေးရေး၊ ဒေသဆိုင်ရာ အင်တာနက် သတင်းစာမျက်နှာ (Website) များကို ပြန်လည် ဖွင့်လှစ်ပေးပြီး ပြည်တွင်း ပြည်ပ သတင်းထောက်များ လွတ်လပ်စွာ သတင်း ရယူခွင့်ပြုရေးတို့ကို တောင်းဆိုခဲ့ကြသည်။ 


ဆက်စပ် သတင်းများ