ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရရုံးရှေ့ ဆန္ဒပြသည့် ကျောင်းသားသုံးဦးဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.3k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ ၉/၂ဝ၂ဝ

ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အစိုးရရုံးရှေ့တွင် ယနေ့ နေ့လယ်က ဆန္ဒပြသည့် ကျောင်းသားသုံးဦးကို ရဲက ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံရသူ သုံးဦးမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဦးဆောင်ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ကိုကျော်နိုင်ဌေး၊ ကိုတိုးတိုးအောင်နှင့် ကိုဦးသန်းနိုင်တို့ ဖြစ်ကြသည်။

“သူတို့ကို လတ်တလော ငြိမ်စုစီ ဥပဒေနဲ့ ဖမ်းဆီးတာလို့ ယူဆရပါတယ်။ ဒါပေမယ့် လောလောဆယ်တော့ သူတို့ဘာမှ မပြောသေးဘူး။ ထိန်းသိမ်းထားတဲ့ သဘောဘဲ ရှိပါသေးတယ်” ဟု ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကျော်ဇံထွန်း  ပြောကြားသည်။

သူတို့ သုံးဦးသည် ပိုစတာများ၊ ဗီနိုင်းများကိုင်ဆောင်ကာ ရခိုင်ပြည်နယ် အစိုးရရုံးရှေ့ရှိ ပလက်ဖောင်းပေါ်မှ မတ်တပ်ရပ်ကာ ဆန္ဒပြနေစဉ် ရဲတပ်ဖွဲ့က ရောက်ရှိလာပြီး ကားပေါ်တင် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

“ ဒီနေ့ နေ့လယ် ၁၁ ကျော် ၁၂ နာရီဝန်းကျင်လောက်မှာ စစ်တွေမြို့က ရခိုင်ပြည်နယ် အစိုးရရုံးရှေ့မှာ ပြတာပါ ခင်ဗျား။ ကျနော်တို့က ဒီရခိုင်ပြည်နယ် အစိုးရကို အယုံအကြည်မရှိကြောင်း တောင်းဆိုခဲ့ကြပါတယ်။ ဘာကြောင့် လဲဆိုတော့ ရခိုင်ပြည်နယ် အတွင်းမှာ တရားမျှတမှု မရှိ ဖြစ်နေတယ်။ ဒါကို ရအောင်တောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက် တစ်ခုတည်းနဲ့ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်” ဟု သူက ပြောကြားသည်။

၎င်းပြင် ဆန္ဒပြရာတွင် အချက် ၅ ချက်ကို ရေးသားပြီး တောင်းဆို ဆန္ဒပြခဲ့ကြကြောင်း၊ ၎င်း တောင်းဆိုချက် (၅) ချက်ကို ဆိုင်းဘုတ် ပိုစတာမှာ ရေးသားပြီး ပြခြင်း ဖြစ်ကြောင်း၊ ၎င်း အချက် ၅ ချက်မှာ  (၁) 4G အင်တာနက် ပြန်ဖွင့်ပေးရေး (၂) No bloody Government (၃) No Murder Army (၄) ပြည်နယ် အစိုးရအားအယုံကြည်မရှိ (၅) ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ တို့ဖြစ်ကြသည်။

“  အဓိက အဲဒီအချက် (၅) ချက်ကို ဦးတည်းပြီးတော့ အဓိက ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ရခိုင်ပြည်အတွင်းမှာ တရားမျှတမှု အတွက် ရရှိရေး တောင်းဆိုတာဖြစ်ပါတယ်။ ဖမ်းခံရတဲ့ သူတွေရဲ့ လတ်တလော အခြေအနေ  မသိရသေးဘူး။ သိရတာနဲ့ တစ်ပြိုင်နက်တည်း ကျောင်းသား သမဂ္ဂပို့စ်ကနေ တစ်ပြိုင်နက်တည်း Update တင်ပေးသွားပါမယ်” ဟု ကိုကျော်ဇံထွန်းက ပြောဆိုသွားသည်။

ဆက်စပ် သတင်းများ