ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

စရဖတပ်ဖွဲ့ဝင် လုပ်ကြံခံရမှုတွင် သံသယဖြင့်ဖမ်းဆီးတရားစွဲခံနေရသည့် ရခိုင်လူငယ်၄ဦးအနက် ၃ဦးလွတ်မြောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 5.7k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇူလိုင် ၁၅/၂ဝ၁၉

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စရဖတပ်ဖွဲ့ဝင်တစ်ဦး လုပ်ကြံခံရမှုကြောင့် ဖမ်းဆီးတရားစွဲခံနေရသည့် ရခိုင်လူငယ် ၄ ဦးအနက် ၃ ဦးသည် ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့တွင်လွတ်မြောက်လာကြောင်း သိရသည်။

လွတ်မြောက်လာသူများမှာ ကိုအောင်ဇော်လင်း၊ ကိုခိုင်ဘိုဘိုနှင့် ကိုမေယုထွန်း တို့ ဖြစ်ကြပြီး သူတို့ ၃ ဦးအား အမှုနှင့်ပတ်သက်ပြီး စွဲချက်မတင်သင့်ဟု ဇူလိုင်လ ၁၅ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံးက ဆုံးဖြတ်ခဲ့သည့်အတွက် ယခုကဲ့သို့ လွတ်မြောက် လာခြင်းဖြစ်သည်။

"သူတို့ကိုစွပ်စွဲထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး လိုပြသက်သေ စုစုပေါင်း ၃၂ ယောက်ထဲက  ၁၇ ယောက်ကိုစစ်ဆေးတဲ့အခါ သူတို့ဟာ ပြစ်မှုနဲ့ မငြိစွမ်းဘူး ဆိုတဲ့ အနေအထားတွေကို တွေ့ရှိရတာမို့လို့ သူတို့ကို ထုချေ ဖြေရှင်းရန် အကြောင်းမပေါ်ပေါက်တဲ့အတွက် သူတို့ကို ကျမတို့က ဥပဒေနဲ့ အညီ စွဲချက်မတင်ဘဲ လွှတ်တယ်။ သူတို့က ဖြေရှင်းဖို့အကြောင်း ဘာမှ မရှိတော့ဘူးဆိုတဲ့ အနေအထားမှာ စွဲချက်မတင်ဘဲလွှတ်တာပါ"ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။

ယခုကဲ့သို့ လွတ်မြောက်လာသည့်အတွက် မိသားစုဝင်များအနေဖြင့် ဝမ်းမြောက်ဝမ်းသာရှိနေကြသော်လည်း မလွတ်မြောက်ဘဲကျန်နေသည့် ကိုရဲကျော်သူအတွက် စိတ်မကောင်းဖြစ်ရကြောင်း လွတ်မြောက် လာသူများ၏ မိသားစုဝင်များက ပြောသည်။

"သူတို့မှာ အပြစ်မရှိလို့ သူတို့ ပြန်လွှတ်ပေးတာကို ကျနော်တို့ သဘောတူပါတယ်။"ဟု ပြန်လွတ်မြောက်လာသူတစ်ဦးဖြစ်သည့် ကိုခိုင်ဘိုဘို၏ဖခင် ဦးထွန်းသာအောင်က ပြောသည်။

ယခုလွတ်မြောက်လာသူ ၃ နှင့်အတူ အမှုရင်ဆိုင်ခဲ့ရသော ကိုရဲကျော်သူဆိုသည့် လူငယ်တစ်ဦးမှာ အမှုနှင့်မသက်ဆိုင်ကြောင်း ခိုင်လုံမှုမရှိသည့်အတွက် လွတ်မြောက်မှုမရှိသေးဘဲ အမှုဆက်လက် ရင်ဆိုင်ရဦးမည်ဖြစ်ကြောင်း ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။

လွတ်မြောက်လာသူ ၃ ဦးအား လောလောဆယ် တရားရုံးအတွင်း ထိန်းသိမ်းထားပြီး ထောင်ကိုလွှဲပြောင်းကာ ထောင်မှ ယနေ့ ညနေပိုင်းတွင် ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလူငယ် ၄ ဦးသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂၅ ရက်နေ့ညက စစ်တွေမြို့ ဝင်္ကာပါကွင်းစျေးရောင်းပွဲတော်တွင် စရဖတပ်ဖွဲ့ဝင် ကိုဖိုးလုံး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး လူသတ်မှု ပုဒ်မ ၃ဝ၂၊ ပူးပေါင်းကြံစည်မှုပုဒ်မ ၃၄ ဖြင့် စစ်တွေမြို့နယ်တရားရုံးတွင် တရားစွဲခံခဲ့ရခြင်းဖြစ်သည်။

စရဖတပ်ဖွဲ့ဝင် အသတ်ခံပြီးနောက် ကိုအောင်ဇော်လင်း၊ ကိုခိုင်ဘိုဘိုနှင့် ကိုမေယုထွန်းတို့ ၃ ဦးကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ဒုတိယ အပတ်တွင် စစ်တွေမြို့မရဲစခန်း၌ သံသယဖြင့် ဖမ်းဆီး စစ်ဆေးခဲ့ပြီး နိုဝင်ဘာလ ၅ ရက်နေ့တွင် ကျပ်သိန်း ၃ဝဝ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက်ပိုင်း နောက်ထပ်သံသယရှိသူတစ်ဦးဖြစ်သည့် ကိုရဲကျော်သူကို ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ဖမ်းဆီးကာ စစ်တွေသို့ပို့ဆောင်ပြီးနောက် ကိုအောင်ဇော်လင်းတို့ ၃ ဦးကိုလည်း ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ထပ်မံဖမ်းဆီးကာ သူတို့ ၄ ဦးစလုံးအား စတင် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ