သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

အသက်(၁၄)နှစ်အရွယ်လူငယ်တစ်ဦးအပါအဝင် ၁၁ဦး ပုဏ္ဏားကျွန်းတွင်ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 5.2k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဇူလိူင် ၂၈

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ရသေ့တောင်မြို့နယ်မှ လာရောက်သူ အသက် ၁၄ နှစ်အရွယ် လူငယ် တစ်ဦးနှင့် ကားဒရိုင်ဘာ အပါအဝင် စုစုပေါင်း လူ ၁၁ ဦးကို အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သတင်းရရှိသည်။

အမှတ်(၃) မဲဆန္ဒနယ်မြေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ ကျွန်တော် ပုဏ္ဏားကျွန်းမြို့ နယ် ရဲစခန်းကို ဆက်သွယ်တော့ လူ ၁၁ ဦး ဖမ်းဆီးထားတယ်ဆိုတာကို အတည်ပြုတယ်။ အကုန်လုံးက ရသေ့တောင်မြို့နယ်က ဖြစ်တယ်။ အဲဒီအထဲမှာ ကားဒရိုင်ဘာလည်း ပါတယ်။ ကားက ရသေ့တောင်ကလို့ ပြောတယ်။ အထက်မြတ်လှဲက လာတယ်လို့ ပြောတယ်။ ဘယ်နားမှာ ဖမ်းလဲဆိုတာ သေသေချာချာ မသိရဘူး။ ဘာကြောင့် ဖမ်းတယ်လဲဆိုတာလည်း တိတိကျကျ မသိရဘူး။ ရဲက စစ်ဆေးနေတုန်းလို့ဘဲ ပြောပါတယ်” ဟု ပြောဆိုသည်။

ဖမ်းဆီးခံရသူများထဲတွင် ရသေ့တောင်မြို့နယ် ပြာပင်ရင်းရွာမှ သိန်းထွန်းဦး(၁၄) နှစ်(ဘ) ဦးမောင်ဝင်းသိန်းနှင့် မောင်နေလင်းထွန်း (၁၈)နှစ် (ဘ)ဦးမောင်ခင်မြတို့ ပါဝင်သည်။

ပြာပင်ရင်းရွာမှ ဆွေမျိုး တစ်ဦးဖြစ်သူ ဦးမောင်စောသန်းက “ ကျွန်တော်တို့ အခုသူတို့နဲ့ တွေ့ဖို့ ပုဏ္ဏားကျွန်းမြို့ကို ရောက်နေပါတယ်။ မိဘတွေနဲ့ တွေ့ခွင့်မရသေးဘူး။ စခန်းမှူးက စစ်ဆေးနေတုန်းဖြစ်လို့ တွေ့ခွင့်မရသေးဘူးလို့ ပြောပါတယ်။ ပြာပင်ရင်းက နေလင်းထွန်းရဲ့ အမဆီကို ပုဏ္ဏားကျွန်းမြို့  စခန်းမှူးက အကြောင်းကြားပါတယ်။ ဒီအတွက် သူတို့နဲ့ တွေ့ဖို့လိုက်လာကြတာပါ။ အခုတွေ့ခွင့်လည်း မရဆိုတော့ မိသာစုတွေက စိုးရိမ်နေကြပါတယ်” ဟု ပြောသည်။

မောင်နေလင်းထွန်းမှာ လက်ရှိ ဆယ်တန်းတက်ရောက် သင်ကြားနေသည့် ကျောင်းသား တစ်ဦးဖြစ်ပြီး သိန်းထွန်းဦးမှာ မိဘ မတတ်နိုင်သဖြင့် ကျောင်းပြင်ပကို ရောက်နေသူ တစ်ဦး ဖြစ်ကြောင်း၊ ယခုလ ၂ဝ ရက်နေ့က ပြာပင်ရင်းရွာအနီးမှ ရေတပ်သင်္ဘော ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရပြီးနောက် မိသားစုများနှင့် ကြောက်လန့်ကာ တကွဲတပြား ထွက်ပြေးစဉ် ကွဲကွာ သွားသူများ ဖြစ်ကြောင်း၊ မည်သည့်အတွက်ကြောင့် ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖမ်းဆီးခံရသည်ကို သေသေချာချာ မသိရသေးကြောင်း ၎င်းက ပြောကြားသည်။

“ပုဏ္ဏားကျွန်း စခန်းမှူးက သူလည်း စစ်တွေကို ရောက်နေတယ်လို့ ပြောပါတယ်။ သူတို့နဲ့ တွေ့ခွင့်မရဘူး။ စစ်ဆေးနေတုန်းဖြစ်တယ်။ အဲသလိုဘဲ ပြောပါတယ်။ ကျွန်တော်တို့ စခန်းမှူးကိုလည်း တွေ့ခွင့်တောင်းထားပါတယ်” ဟု ပြောကြားသည်။

နိရဥ္စရာသတင်းဌာနမှ ပုဏ္ဏားကျွန်းမြို့နယ် ရဲမှူးသို့ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အတည်ပြုချက်ရယူလိုသဖြင့် အကြိမ်ကြိမ် ဖုန်းဆက်သောလည်း ဖုန်းကိုင် ဖြေဆိုခြင်း မရှိပါ။

နောက်ဆုံး ရရှိသော သတင်းအရ ၎င်းလူငယ် ၁ဝ အထဲမှ ၈ ဦးမှာ  ရက္ခိုင့်တပ်တော် ( AA) သို့ ဝင်ရောက်ရန်သွားသည်ဟု သံသယဖြင့် ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။ 

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ချက်ထဲတွင် ၎င်း လူငယ် ၁ဝ ဦးအနက် ၈ ဦးမှာ ၎င်းတို့နေထိုင်ရာ ဒေသအသီးသီးမှ AA  အဖွဲ့သို့ဝင်ရောက်ရန် စည်းရုံးခံရမှု များကြောင့် ကျောက်တော်မြို့နယ်၊ ပေါက်တော(ပလောင်)ကျေးရွာမှတစ်ဆင့် စက်လှေဖြင့် အထက်မြက်လှဲ ကျေးရွာသို့လည်းကောင်း၊ ၎င်းမှတစ်ဆင့် မော်တော်ယာဉ်ဖြင့် ပုဏ္ဏားကျွန်းသို့လည်းကောင်း လာရောက်စဉ် ထိန်းသိမ်းခံခဲ့ရကြောင်း ဖော်ပြသည်။

ထိန်းသိမ်းရမိသည့် မော်တော်ယာဉ်နှင့် AA အဖွဲ့နှင့် ပတ်သက်ဆက်နွယ်သူ ၈ ဦးအား တရားဥပဒေအရ အရေးယူနိုင်ရေး ပုဏ္ဏားကျွန်းမြို့မရဲစခန်း၌ အသေးစိတ် စစ်ဆေးမေးမြန်းလျက် ရှိကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

၎င်းလူငယ် ၁ဝ ဦးနှင့် ကားဒရိုင်ဘာတို့အား စစ်တွေ စစ်ကြောရေးသို့ ခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း သတင်းရရှိကြောင်း မိသားစုများက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီး စစ်ဆေးခံထားရသူ ၁ဝဝ ကျော်ထိ ရှိနေပြီး စစ်ဆေးနေစဉ် သေဆုံးသူ အရေအတွက်မှာလည်း ၁၇ ဦးထိ ရှိနေပြီဟု သိရှိရသည်။

ဆက်စပ် သတင်းများ