သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

AAနှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူ ၂၈ ဦးကို စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 6.5k

ခိုင်လင်း
နိရဥ္စရာ၊ သြဂုတ် ၁/၂ဝ၁၉

ရခိုင်ပြည်နယ်အတွင်းတွင် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်နွယ်မှုသံသယဖြင့် ဖမ်းဆီးခံထားရသူ လူပေါင်း ၂၈ ဦးကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်က စစ်တွေမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

၎င်းတို့ ၂၈ ဦးထဲတွင် မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ၂၃ ဦး၊ ကျောက်တော်မြို့နယ် မင်းသားတောင်ကျေးရွာမှ ၄ ဦးနှင့် ရွှေပြည်ရွာမှ ၁ ဦးတို့ ဖြစ်ကြသည်။ 

“ ဒီနေ့ လက္ကာအမှုတွေနဲ့ပတ်သက်ပြီးတော့ ဒီကနေ့မှာ  လက္ကာရွာသား  အမှုတွေအားလုံးကို စစ်တွေခရိုင် တရားရုံးကို ရုံးပြောင်းခွင့်ပြုတဲ့ အမိန့်ချတယ်လို့ ကျွန်တော်တို့ကြားသိရတယ်။ ရုံးပြောင်း အမိန့်ချတယ်ဆိုရင်တော့ အဲဒီလူတွေကို ထောင်ချုပ်ကိုပို့ရမယ်။ ရဲစခန်းမှာ ချုပ်ထားလို့ မရတော့ဘူး” ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက ပြောသည်။

ယနေ့ရုံးထုတ်ရာတွင် ပါဝင်သူ ဖမ်းဆီးခံနေရသည့် လက္ကာကျေးရွာမှ ဦးညွှန့်မောင်က ဥပဒေ ပညာရှင်များ၊ နိုင်ငံတော်အုပ်ချုပ်နေသော ခေါင်းဆောင်ပိုင်းများအနေဖြင့် သူတို့ အမှုကိစ္စနှင့် ပတ်သက်ပြီး အမှန်တရားကို ဖော်ထုတ်ပြီး မှန်မှန်ကန်ကန် ဆောင်ရွက် ပေးစေ လိုကြောင်း အလေးနက်ထားပြီး ပြောဆိုလိုသည်ဟု ပြောဆိုသည်။ 

ဖမ်းဆီးခံထားရသူ လက္ကာကျေးရွာမှ ဦးခင်မောင်စိုး၏ဇနီ ဒေါ်သိန်းမရီက “ ကျွန်မယောကျ်ားက ဘာမှတစ်ခုမှမလုပ်ဘဲ အိမ်မှာနေရင်းနဲ့ဖမ်းသွားတာပါ။ အခုလိုမတရားဖမ်းဆီးထားတာဟာ တရားမျှတမှု မရှိပါဘူး။ ကျွန်မတို့ ယောကျ်ားက ပြည်သူတွေထဲက ပြည်သူတွေပါ။ ကျွန်မ ယောကျ်ားက ဘာ AA နဲ့မှလည်း မဆက်စပ်ဘူး။ အလိုလို နေရင်း အဖမ်းခံရတာပါ” ဟု ပြောကြားသည်။

၎င်းပြင် သူမတို့နေထိုင်ရာ လက္ကာရွာအနီးတွင် မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေသဖြင့် အလုပ်လည်း မလုပ်ရကြောင်း၊ ၎င်းကြားထဲက လင်ယောကျ်ား ရုံးထုတ်တိုင်း စစ်တွေ ကိုလာနေရ၍ ငွေကုန်ကြေးကျများနေကြောင်း၊ တိုက်ပွဲ ဖြစ်ပွားရာမှ အရဲစွန့်၍ လာနေရ၍  အန္တရာယ်လည်း ရှိကြောင်း၊ လမ်းစရိတ်ငွေလည်း နောက်ဆို တတ်နိုင်တော့မည် မဟုတ်ကြောင်း၊  နောက်တစ်ကြိမ် နှစ်ကြိမ်လောက်ဆိုရင် စစ်တွေကို လာနိုင်တော့မည်ဟု မထင်ကြောင်း၊ တိုက်ပွဲဖြစ်ပွားနေ၍ ရွာတွင်လည်း  လူတစ်ဦး တစ်ယောက်မှ မရှိတော့ကြောင်း၊ ကြောက်ပြီး ကယ်ဆယ်ရေးစခန်းတွင် နေရကြောင်း သူမက ဆက်လက် ပြောကြားသည်။

လက္ကာကျေးရွာမှ ဖမ်းဆီးခံရသူ ၂၇ ဦးထဲတွင် ၃ ဦးမှာ စစ်ကြောရေးတွင် သေဆုံးသွားကြောင်း၊ ကျန် ၂၄ ဦးထဲတွင်  အသက်မပြည့်သေးသောလူငယ်တစ်ဦးအား မြောက်ဦးမြို့နယ်တရားရုံးတွင် စစ်ဆေးနေကြောင်း၊ သို့အတွက် ယနေ့တွင် စစ်တွေမြို့နယ်တရားရုံးတွင် လက္ကာရွာသား ၂၃ ဦးကို ရုံးထုတ်ခြင်း ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်လက္ကာကပါ။ သားသမီး နှစ်ယောက်ရှိပါတယ်။ သာလေးတစ်ယောက်၊ သမီးလေး တစ်ယောက် ၉ တန်းတက်နေပါတယ်။ ကျွန်တော်ဒီလိုအဖမ်းခံနေရတဲ့အချိန်မှာ သမီးလေးကို ဘယ်သူတာဝန်ယူမှာလဲ၊ မိသားစုစားဝတ်နေရေးကို ဘယ်သူတာဝန်ယူပေးမှာလဲ။ ကျွန်တော့်ကို ဒါမျိုးမတရား ဖမ်းဆီးထားတဲ့အချိန်မှာ။ အဖက်ဖက်ကဝိုင်းဝန်းပြီးတော့ အားလုံးကို ကူညီ ပေးစေချင်ပါတယ်” ဟု ဖမ်းဆီးခံထားရသူ လက္ကာကျေးရွာသားတစ်ဦးက ယနေ့ရုံးထုတ်တွင် ပြောကြားသွားခဲ့သည်။

၎င်းတို့အား အကြမ်းဖက်မူ ပုဒ်မ ၅ဝ ၊ အကြမ်းဖက်မှု ကူညီအားပေးမှု ပုဒ်မ ၅ဝ (က)/ တို့အပါအဝင် ဖောက်ခွဲမှုပုဒ်မ (၃) တို့ဖြင့်  တရားစွဲဆိုထားသည်ဟု သိရသည်။

ရခိုင်ပြည်နယ်အတွင်း ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ နောက်ပိုင်းမှစ၍ ရခိုက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ် သံသယဖြင့် ဖမ်းဆီးခံထားရသူ ၁ဝဝ ကျော်ရှိနေပြီး ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးမှုများလည်းရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ