ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

သေဒဏ်ချမှတ်ခံထားရသည့် ဝင်းနှင့်ဇော်တို့အတွက် ထိုင်းဘုရင်ထံ နောက်ဆုံးအဆင့်အသနားခံစာတင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 549

ချစ်အိလှိုင်

နိရဥ္စရာ၊ အောက်တိုဘာ ၂၆/ ၂ဝ၁၉

ထိုင်းနိုင်ငံ၊လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရသည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့အတွက် နောက်ဆုံးအဆင့် အသနားခံစာကို ထိုင်းဘုရင်ထံသို့  ၂ဝ၁၉ အောက်တိုဘာလ ၂၄ ရက်နေ့က တင်သွင်းခဲ့သည်ဟု သိရသည်။

ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့အတွက် နောက်ဆုံးအဆင့် အသနားခံစာကို ၄င်းတို့၏ မိသားစုဝင်များကိုယ်စား ထိုင်းရှေ့နေများကောင်စီ၊ ထိုင်းနိုင်ငံ ဝန်ကြီးဌာနမှတဆင့် ထိုင်းဘုရင်မင်းမြတ်ထံသို့ အသနားခံစာ တင်ခဲ့ခြင်းဖြစ်ကြောင်း  ၄င်းတို့အမှုအား လိုက်ပါ ဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

“အဓိကတော့ ကျွန်တော်တို့က ထိုင်းနိုင်ငံ တရားစီရင်ရေးစနစ်အရ ကျဆုံးသွားပြီ။ ဒါပေမဲ့ အသနားခံစာတင်လို့ရတဲ့ အစဉ်အလာကရှိနေတော့ ထိုင်းရှေ့နေများကောင်စီကကလေးတွေရဲ့မိသားစု ဝင်တွေနဲ့တွေ့ဆုံပြီး  မနေ့က နောက်ဆုံးအဆင့် အသနားခံစာကို တင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဘက်ခဝမ် အကျဉ်းထောင်ကနေ တင်ခဲ့ပါတယ်။ အဲဒီကနေတဆင့် ဝန်ကြီးဌာနတွေကနေ ဘုရင့်နန်းတော်ကို တင်ပြ သွားမှာပါ” ဟု ဝင်းနှင့်ဇော် အမှုအား လိုက်ပါ ကူညီဆောင်ရွက်ပေးနေသူ ပညာရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကပြောသည်။

သေဒဏ်ချမှတ်ခံထားရသူ ကိုဝင်းဇော်ထွန်း၏ မိခင်ဖြစ်သူ ဒေါ်မေသိန်းကလည်း စက်တင်ဘာလ ၁၂ ရက်နေ့ နိရဥ္စရာ သတင်းဌာန နှင့်တွေ့ဆုံစဉ်“အဒေါ့်သားကို အားလုံး မြန်မာနိုင်ငံအစိုးရတွေပါ၊အားလုံး လိုက်ပြီး ဝိုင်းဝန်း ပေးစေချင်တယ်။ သံရုံးအမတ်တွေ၊ အကြီးအကဲတွေ၊ ဝိုင်းဝန်းကူညီစေချင်ပါတယ်။ ပြည်သူလူထု စကားတစ်ခွန်း ပြောတာနဲ့ ဒေါ်စုပြောတာနဲ့မတူပါဘူး"ဟု ပြောဆိုခဲ့သည်။

၂ဝ၁၄ ခုနှစ်၊စက်တင်ဘာလ အတွင်းက ထိုင်းနိုင်ငံ၊စူရတ်ဌာနီခရိုင်၊ကော့တောင် လိပ်ကျွန်းတွင် ဗြိတိန် လူငယ်စုံတွဲ David miller နှင့် Hannah witheridge တို့  သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာအလုပ် သမားနှစ်ဦးဖြစ်သည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့က လူသတ်မှုဖြင့် ဖမ်းဆီးတရား တရားစွဲ ဆိုခဲ့သည်။
 
ယင်းသို့ တရားစွဲဆိုပြီးနောက် အမှုကို စစ်ဆေးပြီး တစ်နှစ်ကျော်အကြာတွင် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ မြန်မာအလုပ်သမားနှစ်ဦးကို ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ပြီး ထိုင်းနိုင်ငံတရားရုံးက သေဒဏ်ချမှတ်လိုက်သည်။

ထို့နောက် အယူခံအဆင့်ဆင့် တင်သွင်းခဲ့ပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့က ထိုင်းနိုင်ငံတရားရုံး ချုပ်က အယူခံအားငြင်းပယ်ကာ သေဒဏ်ကို ထပ်မံအတည်ပြုခဲ့ရာ ယမန်နေ့က နောက်ဆုံးအဆင့် အသနားခံ စာကို ထိုင်းဘုရင်ထံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

--------------------------

Unicode:



နိရဉ်စရာ၊ အောကျတိုဘာ ၂၆/ ၂ဝ၁၉





 


ဆက်စပ် သတင်းများ