သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဒေါက်တာအေးမောင်တို့အမှု အထူးအယူခံ လျှောက်လဲချက် နေပြည်တော်တရားလွှတ်တော်ချုပ်သို့တင်သွင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁ဝ/ ၂ဝ၁၉

ရခိုင်ပြည်နယ် အမ်းမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌဟောင်းလည်းဖြစ်သူ ဒေါက်တာအေးမောင်အမှု၏ အထူးအယူခံ ဝင်ခွင့်ပြုရန် သင့်/မသင့် လျှောက်လဲချက်အား နေပြည်တော်ရှိ တရားလွှတ်တော်ချုပ်၌ ယနေ့ တင်သွင်းလိုက်ကြောင်း သိရသည်။

“အဲဒီ လျှောက်လဲချက်က ဒီနေ့ တင်သွင်းတယ်။ အဖြေကတော့ ကြာမှ သိရမှာပါ။ ဒီလို လျှောက်လဲချက်တွေ တင်တယ်ဆိုတာက ၂ လလောက် ကြာမှ အဖြေကို သိရပါတယ်။ ဒီနေ့ကတော့ တင်သွင်းခဲ့ရုံပဲပေါ့နော်။”ဟု ဒေါက်တာအေးမောင်အမှုအား လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ဦးခင်နုက နိရဥ္စရာသို့ ပြောသည်။

ဒေါက်တာအေးမောင်သည် စာရေးဆရာဝေဟင်အောင်နှင့်အတူ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅ဝ၅ (ခ) နှင့် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ (၁၂၂) ဖြင့် ထောင်ဒဏ် နှစ်(၂ဝ)ချမှတ်ခံထားရသူဖြစ်ပြီး လက်ရှိတွင် အင်းစိန်အကျဉ်းထောင်၌ အကျဉ်းချခံနေရခြင်းဖြစ်ကြောင်း သိရသည်။

“တကယ်လို့ ဒီအထူးအယူခံကို ပယ်ချတယ်ဆိုရင်လည်း သူတို့ဘက်က ဘာကြောင့် ပယ်ချရတယ်ဆိုတာရယ်၊ ဒေါက်တာအေးမောင်ဘက်က တင်တဲ့ အချက်အလက်တွေက လက်ခံနိုင်စရာ အကြောင်းမရှိဘူးဆိုတာကို သူတို့ဘက် ဆင်ခြေပေးရပါမယ်။ လက်ခံတယ်ဆိုရင်လည်း ဘာကိစ္စကို ကြားနာမယ်ဆိုတာကို သူတို့ အဖြေထုတ်ပေးရပါမယ်။ ” ဟု ရှေ့နေ ဦးခင်နုက ဆက်ပြောသည်။

သူတို့နှစ်ဦးသည် ရသေ့တောင်မြို့၌ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ရခိုင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း ၂၃၃ ကြိမ်မြောက် ဝမ်းနည်းခြင်းအထိမ်းအမှတ် စာပေဟောပြောပွဲတွင် တက်ရောက်ဟောပြောခဲ့မှုဖြင့် ထောင်ချခံနေရသူများလည်းဖြစ်သည်။

----------------------------------

Unicode:



နိရဉ်စရာ၊ ဒီဇငျဘာ ၁ဝ/ ၂ဝ၁၉






ဆက်စပ် သတင်းများ