ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ဖမ်းဆီးခံ ကျောက်ဖြူ-ဇင်ချောင်းဒေသခံ ၄ ဦးအထဲမှ ၂ဦးပြန်လွတ်၊ ၂ ဦးကိုဆက်လက်ခေါ်ဆောင်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 6k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇူလိုင် ၈ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းဒေသခံ ၄ ဦးကို ဇူလိုင် ၇ ရက်နေ့က တပ်မတော် စစ်ကြောင်း တစ်ခုမှ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နှစ်ဦးကို ပြန်လွတ်ကာ ကျန်နှစ်ဦးကို ဆက်လက် ခေါ်ဆောင်သွားခဲ့သည်ဟု မိသားစုများက ပြောသည်။

ဇင်ချောင်းကျေးရွာမှ ဦးမောင်အေးနိုင် (၃၈)၊ ဦးဝင်းသိန်းအောင် (၄၅) နှစ်၊ ဦးအောင်စောထွန်း (၅၅) နှစ်နှင့် သံချောင်းကျေးရွာသားတစ်ဦးဖြစ်သည့် ကိုဝင်းနိုင် (၂၆) နှစ်တို့ကို တပ်မတော်က ဇူလိုင် ၇ ရက်နေ့ နံနက်က ဖမ်းဆီးခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

၎င်းတို့ လေးဦးအထဲမှ ဦးဝင်းသိန်းအောင်နှင့် ဦးအောင်စောထွန်းတို့ကို ၎င်းနေ့ နေ့လယ် ၁၂ နာရီခန့်တွင် ဇင်းချောင်းရဲစခန်းမှတစ်ဆင့်  ပြန်လွတ်ပေးခဲ့ပြီး ကျန်နှစ်ဦးဖြစ်ကြသည့် ဦးမောင်အေးနိုင်နှင့် ကိုဝင်းနိုင်တို့ကို တပ်မတော်မှ ဆက်လက် ခေါ်ယူသွားခဲ့သည်ဟု ဆိုသည်။ 

“ လေးယောက်အဖမ်းခံရတာမှာ နှစ်ယောက်ကိုပြန်လွတ်ပေးခဲ့ပြီး ကျန်နှစ်ယောက်ကို ခေါ်ယူသွားတယ်။ သူတို့ကို ဖမ်းတဲ့တပ်ကတော့ ကျောက်ဖြူမြို့ခံတပ်လို့ သိရတယ်။ မနေ့ကတော့ သူတို့ကို ဇင်ချောင်းရဲစခန်းမှာ စစ်ဆေးတယ်။ စစ်ဆေးပြီးတော့ နှစ်ယောက်ကို ပြန်လွတ်ပေးခဲ့တယ်။ ကျန်နှစ်ယောက်ကို ဘယ်ကို ခေါ်သွားတယ်ဆိုတာကို ကျနော်လည်း မသိဘူး” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။

ဆက်လက်ဖမ်းဆီးခံထားရသူ ဦးမောင်အေးနိုင်၏အစ်ကိုဖြစ်သူ ဦးထွန်းမြိုင်က သူ့၏ ညီအား လမ်းမှာတွေ့ပြီး ဖမ်းခေါ်သွားသည်ဟု ပြောဆိုသည်။ 

“ ပထမဆုံးတော့ ဖုန်းပြင်တဲ့ လူကိုဖမ်းတယ်။ သူ့ကိုဖမ်းပြီးနောက် ကျနော်ညီကို လမ်းမှာတွေ့လို့ဖမ်းတယ်။ ကျနော်ညီက ပယောဂချွတ်တဲ့ ရွှေရင်ကျော်ဆရာတစ်ယောက်ဖြစ်တယ်။ သူ့ကိုမနက်အစောကြီးထပြီး ကျနော်တို့ရွာနားက တခြား ရွာတစ်ရွာကို ဆေးကုဖို့သွားတဲ့အချိန်မှာ သူတို့နဲ့တွေ့လို့ ဖမ်းယူသွားတယ်။ နောက်ထပ် မြစ်ကမ်းစမ်ကို ထင်းဆယ်ဖို့သွားတဲ့ ညီအစ်ကို နှစ်ယောက်ဖြစ်တဲ့ ဦးဝင်းသိန်းအောင်နဲ့ ဦးအောင်စောထွန်း တို့ကို လမ်းမှာတွေ့လို့ဖမ်းတယ်။ သူ့တို့ နှစ်ဦးကိုတော့ ရဲစခန်းမှာ စစ်ဆေးမေးမြန်းပြီး ပြန်လွတ်လိုက်တယ်။ ကျနော်ညီနဲ့ ဖုန်းလုပ်တဲ့ လူကိုတော့ သူတို့ ခေါ်ယူသွားတယ်။ ဘယ်နေရာ ခေါ်ယူသွားတယ်ဆိုတာကိုတော့ ကျနော်တို့လည်း မသိဘူး” ဟု ဦးထွန်းမြိုင်က ပြောသည်။

ကျောက်ဖြူမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ၎င်းတို့နှစ်ဦး ဆက်လက် ဖမ်းဆီးခံထားရခြင်းမှာ ဟုတ်မှန်ကြောင့် နိရဥ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

မည်သည့် ပြစ်မှုများကြောင့် ဖမ်းဆီးထားသည်ကို သိလို၍ ဇင်ချောင်းရဲစခန်းသို့ ဆက်သွယ်ရာ ဖုန်းကိုင်သူက စခန်းမှူးအပြင်ထွက်သွားသည်ဟု ပြောကြားခဲ့ကာ ဖုန်းချသွားခဲ့သည်။

 ၎င်းကိစ္စနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းအား နိရဥ္စရာသတင်းဌာနအနေဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။


ဆက်စပ် သတင်းများ