သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မြောက်ဦးအခြေစိုက် ၃၇၇တပ်ရင်းမှ ဖမ်းဆီးထားစဉ် သေဆုံးသွားသူအလောင်း ရဲစခန်းသို့လွှဲပြောင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 5.1k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ သြဂုတ် ၁၁ /၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အခြေစိုက် အမှတ် ၃၇၇ တပ်ရင်းမှ ဖမ်းဆီးထားစဉ် သေဆုံးသွားခဲ့သူ တစ်ဦး၏ အလောင်းကို ယမန်နေ့ ညနေက မြောက်ဦးရဲစခန်းသို့ လွှဲပြောင်းပေးလိုက်သည်ဟု သတင်းရရှိသည်။

လွှဲပြောင်းလိုက်သည့် အလောင်းမှာ မြောက်ဦးမြို့နယ် သင်းပန်းကိုင်းကျေးရွာမှ ဒေါ်လှလှ၏ ယောကျ်ားဖြစ်သူ ဦးစံရွှေလှိုင်(၄၁)နှစ်ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ရစ်ကေတွင်နေထိုင်သည့် ဦးစံရွှေလှိုင်၏ အစ်ကိုဖြစ်သူ ဦးအောင်ကျော်လှက “ ကျနော်ညီရဲ့ ဦးခေါင်းတစ်ခုလုံးပြိုထွက်နေပါတယ်။ အလောင်းကို သွားသယ်တဲ့လူတွေပြောတာက ဦးခေါင်းမှာ သေနတ်ဒဏ်ရာ တစ်ချက်ပါတယ်လို့ ပြောပါတယ်။ ခန္ဓာကိုယ်မှာလည်း ထိုးသွင်းဒဏ်ရာ နှစ်ချက်ပါတယ်။ မေးရိုးတစ်ခုလုံးပြုတ်ထွက်နေတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့က ဆင်းရဲသူ ဆင်းရဲသားဆိုတော့ ဆရာဝန်ရဲ့ ဆေးစစ်ချက်ကိုလည်း မမေးရဲပါ။ ဒီနေ့ မနက် ၉ နာရီကျော် ၁ဝ နာရီလောက်မှာ အနံ့အသက် မကောင်းတဲ့အတွက် နေ့လယ်ထိ မစောင့်ဘဲ မြေမြုပ် သင်္ဂြိလိုက်ပါပြီ” ဟု ပြောသည်။

ဦးစံရွှေလှိုင်သည် မြောက်ဦးမြို့နယ် ခွဆုံကျေးရွာတွင် သူရင်ငှား လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး  သြဂုတ်လ ၇ ရက်နေ့က မြောက်ဦးမြို့တွင် အစ်ကိုဖြစ်သူ၏ နာရေးသို့ လာပြီး အပြန်လမ်းတွင်ပျောက်ဆုံးသွားခဲ့သည်ဟု ပြောဆိုသည်။  

“ ဒီလ ၇ ရက် သောကြာနေ့ ညနေ ၅ နာရီလောက်က သူ့အထက်က ထောင်ကျနေတဲ့ အစ်ကို တစ်ယောက် သေဆုံးသွားလို့ မြောက်ဦးမှာ သင်္ဂြိုလ်တယ်။ သင်္ဂြိုလ်ပြီးတဲ့အခါ သူငယ်ချင်းတစ်ယောက်နဲ့ ရွာပြန်သွားတယ်။ ကျွန်တော်တို့လည်း သူ့ကို ရွာပြန်သွားတယ်လို့ ထင်တာ။ မနေ့က ညနေ ၄ နာရီကျော်လောက်မှာမှ တပ်ရင်း ၃၇၇ ကနေ ရဲအဖွဲ့ကိုခေါ်ပြီး နာရေးကားနဲ့ အလောင်းပို့တယ်ဆိုပြီး ကျွန်တော်ဆီကို ရွာအစွန်က ဆိုင်သည်တစ်ဦးက လာပြောပါတယ်။ ရဲက သူ့ဆီကို ဖုန်းဆက်ပီး ကျွန်တော်ကို အကြောင်းကြားခိုင်းတယ်လို့ ပြောပါတယ်။ ကျွန်တော်လိုက်သွားတော့ ကျွန်တော်ညီ စံရွှေလှိုင်ဖြစ်နေတာကို တွေ့ရပါတယ်” ဟု ဦးအောင်ကျော်လှက ပြောကြားသည်။

ဦးစံရွှေလိူင်မှာ ပုဇွန်ဖေရွာ ဇာတိဖြစ်ပြီး သင်းပန်းကိုင်းရွာတွင် ဒေါ်လှလှနှင့် အိမ်ထောင်ကျပြီး သမီး နှစ်ဦးရှိကြောင်း၊ သမီးကြီးဖြစ်သူ မသန်းဌေးမှာ အသက် ၁၄ နှစ်သာရှိပြီး မြောက်ဦးတွင် ၁ဝ တန်း တက်နေကြောင်း၊ သမီးအငယ် မဝင်းချေ (၇) နှစ်ရှိသေးကြောင်း သိရသည်။

ဇနီးဖြစ်သူ ဒေါ်လှလှက “ ကျမတို့ ဒီနေ့မနက်က သင်္ဂြိုလ်ဖို့သွားပါတယ်။ သူ့အရုပ်က မမှတ်မိတော့ပါ။ ဦးခေါင်းတစ်ခုလုံးပြိုနေပါတယ်။ အဲဒီမှာ လူကြီးတွေက ပြောတာက သေနတ်နဲ့ ပစ်တဲ့ ဒဏ်ရာ ခေါင်းမှာတွေ့တယ်လို့ ပြောပါတယ်။ ကျောကုန်းမှာ ထိုးရာ နှစ်ချက် ပါပါတယ်။ သူက ရိုးရိုးသား သူများဆီမှာ သူရင်းငှားလုပ်နေတာပါ။ အဲဒီကရတဲ့ ငွေနဲ့ ကျွန်မ စက်ခြုပ်လို့ရတဲ့ငွေနဲ့ သမီးကြီးကို စာသင်နေတာပါ။ ကျမက စက်ဆရာမပါ။ အခုဘယ်လိုလုပ်မလဲ ကျွန်မလည်း မပြောတတ်တော့ပါ” ဟု ပြောကြားသည်။ 

အဆိုပါ ဦးစံရွှေလှိုင်ကို တပ်ရင်း ၃၇၇ တွင် ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးမှုနှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပါ။

သို့သော်လည်း ဩဂုတ် ၁ဝ ရက်နေ့စွဲဖြင့် တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်ချက်ထဲတွင် “ဩဂုတ်လ ၇ ရက် ညနေ ၆ နာရီမှစ၍ တပ်မတော်မှ လုံခြုံရေးဆောင်ရွက်နေစဉ် ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် တပ်ရင်း၏ အမှတ်(၂)ဂိတ်တံခါးကို အမည်မသိသူတစ်ဦးက လာရောက် တွန်းဖွင့်နေသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေးအဖွဲ့က စစ်ဆေးမေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသဖြင့် သေနတ်ဖြင့် ၂ ချက် ခြောက်လှန့်ပစ်ခတ်ရာ ထွက်ပြေးသွားသောကြောင့် လိုက်လံ ဖမ်းဆီး ရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသူမှာ စံရွှေလှိုင် ၄၁ နှစ် (ဘ) ဦးအောင်မြသာ၊ ပုဇွန်ဖေကျေးရွာ၊ မြောက်ဦးမြို့နယ်နေသူဖြစ်ကြောင်း၊ ၎င်းကို ဖမ်းဆီးရမိစဉ် အရက်မူးလွန်နေသဖြင့် စစ်ဆေး၍မရဘဲ ဩဂုတ်လ ၈ ရက် နံနက်မှသာ စစ်ဆေး မေးမြန်းခဲ့ရကြောင်း၊ ၎င်းအား ကနဦးစစ်ကြောမေးမြန်းချက်အရ AA အဖွဲ့မှ ကိုယ်ပိုင်အမှတ် AA-၆၇၃၂ တပ်သားအဆင့်ရှိသူ ဖြစ်ကြောင်း၊ ၎င်းကို အသေးစိတ်ထပ်မံစစ်ဆေး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး အတွက် မြောက်ဦး မြို့နယ်ရဲစခန်းသို့ လွှဲပြောင်းအပ်နှံမည်ဖြစ်ကြောင်း” သတင်းတွင် ဖော်ပြထားသည်။ 

တပ်မတော်၏ သတင်းထုတ်ပြန်ချက်ထဲတွင် ဦးစံရွှေလှိုင်မှာ AA အဖွဲ့မှ ကိုယ်ပိုင်အမှတ် AA-၆၇၃၂ တပ်သားအဆင့်ရှိသူဟု ဖော်ပြထားသည့် အပေါ် အစ်ကိုဖြစ်သူ ဦးအောင်ကျော်လှနှင့် ဇနီးဖြစ်သူ ဒေါ်လှလှတို့မှ ငြင်းဆိုလိုက်ပြီး ၎င်းမှာ သာမန် အရပ်သားတစ်ဦးသာဖြစ်ပြီး သူရင်းငှားဘဝဖြင့် သူတစ်ပါးထံတွင် လုပ်ကိုင် စားသောက်နေသူ တစ်ဦးသာဖြစ်ကြောင်း ပြောဆိုသည်။ 

အစ်ကိုဖြစ်သူ ဦးအောင်ကျော်လှက “ ယခုလိုမျိုး ညှဉ်းပန်းနှိပ်စက် သေဆုံးမှုတွေ ထပ်မံမဖြစ်ရအောင် တပ်မတော်မှ အကြီးအကဲပုဂ္ဂိုလ်တွေအနေနဲ့ ဆောင်ရွက်စေချင်ပါတယ်။ အောက်ခြေမှာလည်း  ဆင်ခြင် ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့က တရားဥပဒေလည်း နားမလည်တဲ့အတွက် ခုလို သေဆုံးမှု အပေါ်မှာ ဘာမှ မလုပ်တတ်ပါ” ဟု ဆက်ပြောသည်။

၄င်းကိစ္စနှင့် ပတ်သက်၍ မြောက်ဦးမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် “ ဒီလိုမျိုး ကိစ္စတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်မှာလည်း အဆိုတွေ၊ မေးခွန်းတွေ အများကြီး တင်ခဲ့တယ်။ တကယ်လို့များ သူ့က AA လို့ ဆိုရင်လည်း ပြစ်မှု၊ ပြစ်ဒဏ်ဆိုင်ရာ ဥပဒေနဲ့ ထောင်ချသင့်ရင်ချ၊ အပြစ် ပေးသင့်ရင် ပေးရမှာ ဖြစ်တယ်။ ဒီလိုမျိုးတော့ လုံးဝညှဉ်းပန်းသတ်ဖြတ်တာတွေကတော့ ဥပဒေနဲ့ လုံးဝ မညီတဲ့ အတွက် မလုပ်သင့်ဘူးလို့ ပြောချင်ပါတယ်။ တရားဥပဒေအတိုင်းမသွားဘဲ ယခုလိုမျိုး ဖမ်းဆီးသတ်ဖြတ်မှုတွေဟာ နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်လို့ ပြောချင်ပါတယ် ” ဟုပြောသည်။ 


ဆက်စပ် သတင်းများ