ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်ပညာရေးမှူးနှင့် စစ်တွေခရိုင်အုပ်ချုပ်ရေးမှူးတို့ အကြား အပြန်အလှန်တရားစွဲမှုပေါ်ပေါက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 1.2k

အိမ်စိုးဖြူ
နိရဥ္စရာ၊ စက်တင်ဘာ ၁/၂ဝ၂ဝ

ရခိုင်ပြည်နယ်ပညာရေးမှူးနှင့် စစ်တွေခရိုင်အုပ်ချုပ်ရေးမှူးတို့အကြား အပြန်အလှန် တရားစွဲမှုပေါ်ပေါက် နေကြောင်း သတင်းရရှိသည်။

သြဂုတ်(၂၈) ရက်နေ့ ညနေပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ဝန်ထမ်းဖြစ်သူ ကိုဗစ်လူနာအမှတ်(၃၉၆)နှင့်ထိတွေ့ဖူး၍ အစိုးရအဖွဲ့ရုံးဝန်ထမ်း (၁၆)ဦးတို့မှာ ပြည်နယ်ပညာရေးဦစီးဌာန၏ ဧည့်ရိပ်သာတွင် ကွာရန်တင်း ဝင်နေသည့် အချိန်တွင် အပြန်အလှန်စကားများမှု ပေါ်ပေါက်ခဲ့ပြီးနောက် အပြန်အလှန် တရားစွဲဆိုထားကြသည်ဟု စစ်တွေမြို့မ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

“အဲဒါက ကွာရန်တင်းဝင်ခိုင်းထားတဲ့လူတွေကိစ္စနဲ့ဖြစ်တာ။ အပြန်အလှန်တရားစွဲထားတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ပြည်နယ်ပညာရေးမှူးတို့ပေါ့” ဟု ၎င်းက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ စစ်တွေခရိုင်အုပ်ချုပ်ရေးမှူးအားမေးမြန်းရာ ဖြစ်စဉ်မှာ မှန်ကန်ကြောင်း ပြေကြားသည်။

“သတင်းမှာ ပါတဲ့အတိုင်းပဲပေါ့။ ဒီကိစ္စဖြစ်တာကို အဲဒီမှာ ကော်ရန်တင်းဝင်နေရသူတွေကို တိုက်ရိုက် သွားမေးကြည့်ပါ။ ဖြစ်စဉ်အကုန်လုံးကို။ အဲဒီမှာ သူတို့ ဆက်နေသေးတာပေါ့။ အစိုးရအဖွဲ့က နေရာချထားတဲ့ ဟာပဲ ဘာလို့ပြောင်းရမှာလဲ” ဟု ပြောဆိုသည်။

ခရိုင်အုပ်ချုပ်ရေးမှူးက ထိိုသို့ ပြောဆိုပြီး ဖြစ်စဉ် အသေးစိတ်ကို ပြောရန် အချိန်မရှိကြောင်းပြော၍ ဖုန်းချသွားခဲ့သည်။

ခရိုင်အုပ်ချုပ်ရေးမှူးက သြဂုတ်လ ၂၈ရက်နေ့ ညတွင်းချင်း ပြည်နယ်ပညာရေးမှူးကို အမှုလာဖွင့်ပြီး ပြည်နယ်ပညာရေးမှူးမှ နောက်တစ်နေ့ သြဂုတ် ၂၉ ရက်နေ့တွင် လာရောက် အမှုဖွင့်ကြောင်း သိသည်။

ရခိုင်ပြည်နယ်ပညာရေးမှူးအား ၄င်းကိစ္စအား မေးမြန်းရန် ဆက်သွယ်ရာ ဖုန်းမကိုင်ခဲ့ပါ။

ရဲမှတ်တမ်းအရ ပြည်နယ်ပညာရေးဦစီးဌာန၏ ဧည့်ရိပ်သာတွင် ကွာရန်တင်းဝင်နေသူများကိစ္စနှင့် ပတ်သက်ပြီး  ပြည်နယ်ပညာရေးမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့အကြား စကားများခဲ့ကြပြီး ခြိမ်းခြောက်မှုများ၊ ဆဲဆိုမှုများ၊ ရန်ပြုမှုများ ရှိသည်ဟုဆိုကာ အပြန်အလှန် တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ