စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

စစ်တွေတွင်ဆန္ဒဖော်ထုတ်ခဲ့သည့် ကျောင်းသားသုံးဦးကို ဘေးစီမံဥပဒေဖြင့် အမှုဖွင့်ခြင်းအပေါ် ရခိုင်အခြေစိုက်ရှေ့နေအဖွဲ့လေးခုက ပြင်းထန်စွာရှုတ်ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 1.1k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ၁၃/၂ဝ၂ဝ

စက်တင်ဘာ ၉ ရက်နေ့က စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ မှ ကျောင်းသား ၃ ဦးကို ငြိမ်းစုစီ ပုဒ်မ (၁၉) တစ်ခုတည်းဖြင့် တရားမစွဲဘဲ အာမခံ မရသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေ ပုဒ်မ ၂၅၊ ၂၉ တို့ ဖြင့် တရားစွဲဆိုမှုအပေါ် ရခိုင်အခြေစိုက် ရှေ့နေ့အဖွဲ့ လေးဖွဲ့မှ ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ယနေ့ ကြေငြာချက်ထုတ်ပြန်သည်။

ကြေငြာချက်ထုတ်ကြသည့် ရှေ့နေအဖွဲ့ (၄) ဖွဲ့မှာ ရခိုင်ပြည်နယ်ရှေ့နေများကောင်စီ၊ စစ်တွေ ခရိုင် ရှေ့နေများအသင်း၊ Legal Clinic Myanmar ( Rakhine Branch) နှင့် သဇင်ဥပဒဆိုင်ရာ ထောက်ပံ့ ကူညီရေး အဖွဲ့တို့ဖြစ်ကြသည်။

အဆိုပါ အဖွဲ့ (၄) ဖွဲ့၏ ကြေငြာချက်ထဲတွင် အဆိုပါ ကျောင်းသားသုံးဦးအား စစ်တွေမြို့၊ အမှတ် (၁) ရဲစခန်း၌ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေပုဒ်မ (၁၉) နှင့်၂ဝ၁၃ ခုနှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုပုဒ်မ ၂၅၊ ၂၉ အရ အမှုဖွင့်ကာ စစ်တွေမြို့နယ် တရားရုံးတွင် ချုပ်ရီမန် ယူထားကြောင်း၊ ထိုပုဒ်မမှာ သုံးနှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည် ဟု ပြဌာန်းထားသည်ကို တွေ့ရှိရကြောင်း၊ ဥပဒေ၏ ပုဒ်မ (၂၅) မှာ အာမခံပေးနိုင်သည့် ပုဒ်မ မဟုတ်သည်ကို တွေ့ရှိရကြောင်း၊ ဆန္ဒဖော်ထုတ်သူ (၃) ဦး၏ ပြုလုပ်မှုသည် ၄င်းဥပဒေပါ အင်္ဂါရပ်များနှင့် တစ်စုံတစ်ရာ အကျုံးဝင် ပတ်သက်မှုမရှိကြောင်း ထင်အရှား ပေါ်ပေါက်နေပါကြောင်းဖော်ပြသည်။

၎င်းပြင်  စစ်တွေမြို့တွင် စက်တင်ဘာ နေ့ရက်က ရခိုင်မှ ကျောင်းသား (၃) ဦး ဆန္ဒထုတ်ဖော်သကဲ့သို့ မန္တလေးမြို့တွင်လည်း ကျောင်းသား ၁၃ ဦးက ပိုစတာများကိုင်ဆောင်ကာ ဆန္ဒပြမှှုရှိခဲ့ရာ ၎င်းတို့အား အာမခံပေးနိုင်သော ငြိမ်းချမ်းစု ဥပဒေပုဒ်မ-၁၉ ဖြင့်သာ အမှုဖွင့်ခဲ့ကြောင်း၊ ဖြစ်ရပ်တူ လုပ်ဆောင်ချက် ဖြစ်ပါလျက် ဖမ်းဆီးခံ ရခိုင်တက္ကသိုလ်ကျောင်းသားများအား အာမခံ မပေးနိုင်သည့် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ၂၉ ဥပဒေဖြင့် အမှုဖွင့်ခြင်းမှာ ဖမ်းဆီး ချုပ်နှောင်ထားရန် ရည်ရွယ်ချက်နှင့် ဖြစ်ရပ်မှန်ကို မျက်ကွယ်ပြုပြီး အမှုဖွင့်အရေးယူခြင်းဖြစ်သဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုကို ဆိုးဝါးစွာထိခိုက်စေကြောင်း ကြေငြာချက်တွင် ဖော်ပြထားသည်။

Legal Clinic Myanmar ( Rakhine Branch) မှ ဒါရိုက်တာ ရှေ့နေ ဒေါ်မြသူဇာက “ ပထမတစ်ချက်က မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုရရှိရေးကို အဓိက ရည်ရွယ်ပြီး ထုတ်ရတာဖြစ်တယ်။ ဒုတိယ တစ်ချက်က ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေအတွက် တရားမျှတမှုရရှိရေးအတွက် ရည်ရွယ်ပြီး ထုတ်ရတာဖြစ်တယ်။ ရခိုင်ပြည်နယ်တစ်ခုတည်းမှာဘဲ ကျောင်းသားတွေက ဆန္ဒပြတာမဟုတ်ဘူး။ တခြား နေရာ ဒေသတွေမှာလည်း ဆန္ဒပြတာ ထုတ်ဖော်တာတွေရှိတယ်။ တခြားနေရာတွေမှာ ဆန္ဒထုတ်ဖော်တဲ့ ကျောင်းသားတွေကလည်း လက်ရှိရခိုင်ပြည်မှာ ဖြစ်နေတဲ့ကိစ္စရပ်တွေကို သူတို့အနေနဲ့ ရင်ထဲမခံစားနိုင်လွန်းလို့ ထုတ်ဖော်  ပြောကြားတာဖြစ်တယ်။ အမှုတူပါလျက် ရခိုင်က ကျောင်သားတွေကို ဘေးစီမံဥပဒေတွေနဲ့ တရားစွဲတယ်။ ဒီဥပဒေနဲ့ သက်ဆိုင်မှု မရှိဘူးလို့ သုံးသပ်တဲ့ အတွက် ကြေငြာချက်ထုတ် ကန့်ကွက်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ကြေငြာချက်တွင် စစ်တွေမှ ကျောင်းသားသုံးဦးအား ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာဥပဒေအရသာ အမှုဖွင့် ဆောင်ရွက် သင့်ကြောင်း၊ အဆိုပါ ဆန္ဒပြကျောင်းသား သုံးဦးကို ၂ဝ၁၃ ခုနှစ်၊ သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ အမှုဖွင့်ချုပ်ရီမန်ရယူခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပြီး ဖြစ်ရပ်မှန်နှင့်အညီ တရားဥပဒေ စိုးမိုးရေးနှင့် တရား မျှတမှုတို့ကို ရှေ့ရှုကာ ဆန္ဒဖော်ထုတ်မှုနှင့် သက်ဆိုင်သည့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်း ဆိုင်ရာဥပဒေပုဒ်မ (၁၉)ဖြင့် သာလျှင် အမှုဖွင့် အရေးယူသင့်ကြောင်း ကြေငြာချက်တွင် ဖော်ပြသည်။

အဆိုပါ စစ်တွေတွင် ဆန္ဒဖော်ထုတ်ခဲ့သည့် ကျောင်းသား ၃ ဦးမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဦးဆောင်ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ကိုတိုးတိုးအောင်၊ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်တို့ ဖြစ်ကြသည်။

၎င်းတို့ သုံးဦးသည် စက်တင်ဘာ ၉ ရက် နေ့လယ် ၁၂ နာရီခန့်က ရခိုင်တွင် အင်တာနက်ဖြတ်တောက်မှု အလိုမရှိ၊ No Bloody Government၊ No Murder Army၊ ရခိုင်ပြည်နယ် အစိုးရအား အယုံအကြည်မရှိ၊ ရခိုင်ပြည်သူလူထုနှင့် အတူ ရပ်တည်ကြ၊ ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြစသည့် စာသားများပါ ပိုစတာ၊ ကျောင်းသားအဖွဲ့၏ အလံကို ကိုင်ဆောင်ပြီး ရခိုင်ပြည်နယ် အစိုးရရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည့် အတွက် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။

ဆက်စပ် သတင်းများ